တရုတ်သင်္ဘာက ဂျက်တိုက်လေယာဉ်အား လေဆာဖြင့်ထိုးသည့်အပေါ် ဖြေရှင်းချက်ပေးရန် သြစတြေးလျ တောင်းဆို

By India Narrative
26 February 2022
တရုတ်သင်္ဘာက ဂျက်တိုက်လေယာဉ်အား လေဆာဖြင့်ထိုးသည့်အပေါ် ဖြေရှင်းချက်ပေးရန် သြစတြေးလျ တောင်းဆို

တရုတ်ရေတပ် (PLAN) စစ်သင်္ဘောတစ်စီးမှ ဩစတြေးလျ ဂျက်တိုက်လေယာဉ်တစ်စင်းကို ပြီးခဲ့သော သီတင်းပတ်အတွင်း လေဆာဖြင့် ထိုးခဲ့သည့် အန္တရာယ်ရှိသော မဆင်မခြင်လုပ်ရပ်နှင့်ပတ်သက်၍ ဖြေရှင်းချက်ပေးရန် တရုတ်အစိုးရအား တောင်းဆိုထားကြောင်း ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောကြားခဲ့သည်။

"ဒါက အန္တရာယ်များပြီး မလုပ်သင့်တဲ့ လုပ်ရပ်ပါ။ ဒီလိုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဖြေရှင်းချက် လိုချင်ပါတယ်။ အဆိုးဆုံးကတော့ ဒါဟာ ခြိမ်းခြောက်အနိုင်ကျင့်တာပါပဲ။ သြစတြေးလျအတွက်တင် မဟုတ်ဘဲ ဒေသတွင်းမှာရှိတဲ့ နိုင်ငံအားလုံးအတွက်ပါ ထည့်သွင်းစဉ်းစားပြီး ရှင်းပြဖို့ လိုပါတယ်” ဟု မော်ရစ်ဆင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၂ ရက်က သြစတြေးလျ၏ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ကင်းထောက်စစ်လေယာဉ် P-8A သည် ဩစတြေးလျ မြောက်ပိုင်းနယ်မြေနှင့် မြောက်ဘက် နယူးဂီနီကျွန်းကြား ရေပြင်အကြားရှိ အာရာဖူရာပင်လယ်ပြင်ပေါ်ပျံသန်းနေစဉ် ထိုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သြစတြေးလျဂျက်လေယာဉ်ကို လေဆာဖြင့်ထိုးခဲ့သည့် သင်္ဘောသည် ထိုအချိန်က အာရာဖူရာပင်လယ်ကိုဖြတ်၍ အရှေ့ဘက်သို့ ခုတ်မောင်းနေသော တရုတ်ရေတပ်မှ စစ်သင်္ဘော ၂ စီးအနက်မှ ၁်စီးဖြစ်ကြောင်း သြစတြေးလျစစ်တပ်၏ ထုတ်ပြန်ချက်ကို CNN သတင်းတွင် ဖော်ပြထားသည်။

ပေကျင်းမြို့၌ မကြာသေးမီက ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝေပင်းက ၎င်းတို့သင်္ဘောသည် နိုင်ငံတကာဥပဒေကို လိုက်နာကြောင်း သတင်းထောက်များကို ပြောသည်။

ဩစတြေးလျက နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများတည်ဆောက်ရန် အမေရိကန်နှင့် ဗြိတိန်တို့နှင့် ကတိပြုလိုက်သည့် နိုဝင်ဘာလတွင် တရုတ်နှင့်ဩစတြေးလျအကြား စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly