ဆိုမာလီယာတွင် တူရကီက စစ်အခြေစိုက်စခန်း တည်ဆောက်နေ

ဆိုမာလီယာတွင် တူရကီက စစ်အခြေစိုက်စခန်း တည်ဆောက်နေ

အန်ကာရာ၊ ဇန်နဝါရီ ၁၉ ။              ။ အယ်လ်ခိုင်ဒါပေါင်းစည်း အယ်လ်ရှားဘက်စစ်သွေးကြွများကို တိုက်ခိုက်ရန်အတွက် အာဖရိကနိုင်ငံများမှ စစ်သားများလေ့ကျင့်ပေးရန် ဆိုမာလီယာနိုင်ငံတွင် စစ်အခြေစိုက်စခန်းတစ်ခုကို အန်ကာရာက စတင်တည်ဆောက်နေပြီဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ဆိုမာလီယာ၏ မြို့တော် မိုဂါဒစ်ရှူးတွင် တည်ဆောက်နေသော ယင်းအခြေစိုက်စခန်းတွက် တူရကီစစ်အရာရှိ ၂၀၀က ဆိုမာလီတပ်ဖွဲ့ဝင် ၁,၅၀၀ကျော်ကို လေ့ကျင့်ပေးရန် တူရကီနှင့် ဆိုမာလီယာ အစိုးရတို့ကြား သဘောတူညီထားကြောင်း စစ်ဘက်သတင်းရင်းမြစ်များကို ကိုးကား၍ ဇန်နဝါရီ ၁၈ က တူရကီသတင်းစာ Daily Sabah တွင်ဖော်ပြထားသည်။

စစ်ရေးလေ့ကျင့်ပေးသည့်စင်တာတစ်ခုသည် အာဖရိကနိုင်ငံအားလုံးအတွက် စစ်ရေးလေ့ကျင့်ပေးရန်မှာ အရေးကြီးသည့် စစ်အခြေစိုက်စခန်းလိုအပ်လိမ့်မည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးဋ္ဌာမှ အရာရှိတစ်ဦးဖြစ်သူ အေမီးလ်တေကင်က လွန်ခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။

ထို့အပြင် အရာရှိများကို လေ့ကျင့်ပေးရေးအတွက်လည်း ဆိုမာလီယာတွင် စစ်ကျောင်းတစ်ခုတည်ဆောက်ရန်လည်း တူရကီစစ်တပ်က စီစဉ်နေသည်ဟု တေကင်က ထပ်မံပြောကြားခဲ့သည်။

၂၀၀၆ခုနှစ်ကတည်းက ဆိုမာလီယာတွင် အစိုးရတပ်များနှင့် အယ်လ်ရှားဘက်စစ်သွေးကြွများ ကြောက်မက်ဖွယ် တိုက်ပွဲများဖြစ်နေသည်။ စစ်သွေးကြွများက အစိုးရကို ဖြုတ်ချရန် ရည်ရွယ်နေသည်။

အစိုးရတပ်များနှင့် အာဖရိကသမဂ္ဂတပ်များက စစ်သွေးကြွများကို ဆိုမာလီယာရှိ မိုဂါဒစ်ရှူးနှင့် အခြားမြို့ကြီးများမှ မောင်းထုတ်ခဲ့ရသည်။

လွန်ခဲ့သည့်လကလည်း တူရကီသည် နှစ်နိုင်ငံကြားသဘောတူညီ လက်မှတ်ရေးထိုးပြီးနောက် ကာတာတွင် ပထမဆုံးပင်လယ်ရပ်ခြားစစ်အခြေစိုက်စခန်း တည်ဆောက်မည့် အစီအစဉ်များကို တူရကီက ကြေညာခဲ့သည်။ ၎င်းစစ်စခန်းတွင် စစ်သား ၃,၀၀၀အတွက် နေရာပေးနိုင်မည်ဟု မျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly