မီဇိုရမ်ပြည်နယ် အာဏာပိုင်မျာက မြန်မာစစ်ဘေးရှောင်များ၏ အချက်အလက်ကောက်ယူ

မီဇိုရမ်ပြည်နယ် အာဏာပိုင်မျာက မြန်မာစစ်ဘေးရှောင်များ၏ အချက်အလက်ကောက်ယူ

ဖေဖော်ဝါရီလ ၂၆ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့  မြန်မာနိုင်ငံမှ ထွက်ပြေးခိုလှုံလာသည့် စစ်ဘေးရှောင်များ၏ ကိုယ်ရေးအချက်အလက်များကို  ကောက်ယူမှု ပြည်နယ် အာဏာပိုင်များက စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း စစ်ဘေးရှောင်များထံက သိရသည်။

“ကျွန်တော်တို့ နေရာမှာတော့ ဖောင်ဖြည့်တာပြီးသွားပြီ။ သူတို့ဘက်က ဘယ်လို အထောက်အထား ကတ်ပြား ထုတ်ပေးမယ်ဆိုတာတော့ သေချာမသိရသေးဘူး” ဟု နယ်စပ်ဒေသရှိ စစ်ဘေးရှောင်တစ်ဦးက မဇ္ဈိမကို ပြောသည်။ 

အချက်အလက်ဖြည့် ပုံစံ စာရွက်များအား ရပ်ကွက်ကောင်စီ (Local Council) များမှ တစ်ဆင့်ဖြန့်ဝေပေးနေပြီး ထို လုပ်ငန်းစဉ်များ ပြီးပါက အထောက်အထား သက်သေခံ ကတ်များ ထုတ်ပေးမည်ဟု ပြည်နယ်အာဏာပိုင်များက စစ်ဘေးရှောင်များကို ပြောကြားထားသည်ဟုလည်း သိရသည်။

လက်ရှိတွင် ကျန်ဖိုင်းခရိုင်၌ စစ်ဘေးရှောင် မြန်မာနိုင်ငံသား ဦးရေ ၁၀‚၀၀၀ နီးပါးရှိသည့်အနက်  ဦးရေ ၄၀၀၀ ကျော်မှာ စာရင်းပေးပြီး ဖြစ်ကြောင်း ဇိုးခွားထားလ်ရွာမှ ဒုက္ခသည်များအား ကူညီပေးသူတစ်ဦးက ပြောသည်။  

အိုက်ဇောမြို့ရှိ ရပ်ကွက်ပေါင်း ၃၀ကျော်တွင်လည်း အချက်အလက်များ စတင်ကောက်ယူနေကြောင်း၊ စစ်ရှောင်စခန်းတွင် နေသူများမှာ ဖြည့်စွက်ပြီးဖြစ်ကြောင်း၊ ရပ်ကွက်အသီးသီးတွင် အိမ်ငှားနေထိုင်သူများ ထံ ဆက်လက် ဖြန့်ဝေနေကြောင်း ၊ ပြီးစီးပါက ဒုတိယ ကော်မရှင်နာမင်းကြီး   ထံသို့ တင်သွင်းရမှာဖြစ်ကြောင်း စစ်ဘေးရှောင်များအား အကူအညီ ပေးနေသည့် NGO United for Democratic Myanmar ၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လုံးလေမြို့တွင်လည်း ဖောင်များ စတင်ဖြန့်ဝေနေပြီး Passport  ဓါတ်ပုံ ယူလာကာ  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်  ဖြည့်စွက်နိုင်ကြောင်း မြန်မာဒုက္ခသည်ကော်မတီ (လုံးလေ) အတွင်းရေးမှူး ဆလိုင်းချာလီ ထံမှသိရသည်။

အင်္ဂလိပ် - မီဇိုး နှစ်ဘာသာဖြင့် ရေးသားထားသော ဖြည့်စွက်ရမည့် ပုံစံစာရွက်တွင် Passport  ဓါတ်ပုံ နှင့်အတူ  နာမည် ၊ မိဘ ၊ နေရပ်လိပ်စာ၊ အရပ် ၊ မျက်လုံးနှင့် ဆံပင်အရောင်၊ ထင်ရှားသော အမှတ်အသားများ အပါအဝင် ဘယ် ၊ ညာ လက်မ လက်ဗွေပုံစံ စသည့် အချက်အလက် ၂၃ မျိုးထည့်သွင်း ဖြည့်စွက်ရမည် ဖြစ်သည်။

စာရင်း အချက်အလက်များ ကောက်ယူပြီးစီးပါက ဒုက္ခသည်များအတွက် အသိအမှတ်ပြု အထောက်အထား လက်မှတ်များ ရရှိနိုင်ရန် မျှော်လင့်ကြောင်း၊ ပြည်နယ် အတွင်း ခရီးသွားလာရေးနှင့် အကူအညီပေးရေးများတွင် လွယ်ကူစွာ သွားလာလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ဒုက္ခသည်များအား ကူညီနေသည့် အဖွဲ့အစည်းများက ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်ကောင်က အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ အကြား တိုက်ပွဲများ ပြင်းထန်နေသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း မှ ပြည်သူများ မီဇိုရမ်ဘက်သို့ ထွက်ပြေးခိုလှုံလျက်ရှိရာ လက်ရှိတွင် လူဦးရေ ၃၀‚၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ကူညီပေးရေးအဖွဲ့များထံက သိရသည်။

စစ်ဘေးရှောင်လာသူများအား မီဇိုရမ်ပြည်နယ်ရှိ တစ်သီးပုဂ္ဂလ၊ လူမှုရေးအဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့များနှင့် ကျောင်းသားများ၊ နိုင်ငံရေးပါတီများက အကူအညီနေပေးပြီး အိန္ဒိယနိုင်ငံ ဗဟိုအစိုးအရနေဖြင့် အသိအမှတ်ပြု ကူညီပေးခြင်းမရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly