ပုသိမ်မြို့တွင် နေအိမ် မီးလောင်မှုဖြစ်ပွား

ပုသိမ်မြို့တွင် နေအိမ် မီးလောင်မှုဖြစ်ပွား

ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ငဝန်ကျွန်းသာ (၄)လမ်းတွင် ယနေ့ ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ မနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်က စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ်၏ ဘေးအိမ်မှ အဝတ်ထွက်လှမ်းစဥ်အချိန်တွင် မီးလောင်မှုဖြစ်ပွားသည်ကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

"အဲ့ဒီအိမ်က အစ်မကြီးနဲ့ ကလေးတစ်ယောက်ကအပြင်သွားနေတဲ့အချိန်မှာ ဝါယာရှော့ဖြစ်ပြီးလောင်တာလို့ ယူဆရတယ်၊ လောင်တဲ့အချိန်မှာ အိမ်မှာခေါ်ထားတဲ့ ဝန်ထမ်းကောင်မလေးတစ်ယောက် အိမ်ထဲ ရှိနေတယ်လို့တော့ ကြားတယ်၊လူတွေထိခိုက်တာမျိုးတော့ မရှိဘူး"ဟု ဒေသခံကပြောသည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသည့်တန်ဖိုး ငွေကျပ် ၉ သိန်းရှိကြောင်း တိုင်းမီးသတ်ဦးစီး ဌာနထံမှ သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့်နေအိမ်သည် တိုက်နှစ်လုံးကြားတွင်ရှိနေသည့် သစ်သားအိမ်တစ်လုံးဖြစ်သည့်အတွက် အဆိုပါနေအိမ် တစ်လုံးသာ ပျက်စီးသွားခဲ့ကြောင်း၊ လူမှုကူညီရေးအသင်း ရေကားများနှင့် မီးသတ်တပ်ဖွဲ့များက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း ဒေသခံကဆိုသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွါးခြင်းကြောင့် ပုသိမ်မြို့မရဲစခန်းမှ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly