ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်တွင် တရုတ်၏ ဝါဒဖြန့်ချိမှုကို ထိုင်ဝမ်က ပြစ်တင်ရှုတ်ချ

ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်တွင် တရုတ်၏ ဝါဒဖြန့်ချိမှုကို ထိုင်ဝမ်က ပြစ်တင်ရှုတ်ချ

တရုတ်အိုလံပစ်အားကစားပွဲတော်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက သတင်းစာရှင်းလင်းပွဲတွင် ထိုင်ဝမ်၊ ရှင်ကျန်းတို့နှင့် ပတ်သက်ပြီး မှတ်ချက်ပြုခဲ့ခြင်းအတွက် ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်တွင် တရုတ်၏ ဝါဒဖြန့်ချိမှုကို ထိုင်ဝမ်က ဖေဖော်ဝါရီလ ၁၈ရက်က ပြစ်တင်ရှုတ်ချလိုက်သည်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ၏ ပြောရေးဆိုခွင့်ရှိသူ မတ်ခ်အဒမ်တက်ရောက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်ဝမ်နှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ပေကျင်းအိုလံပစ် အားကစား ပွဲတော် ကျင်းပရေး ကော်မတီ (BOCOG) ၏ ပြောရေးဆိုခွင့်ရှိသူ ယန်ကျားရုန်က ဖေဖော်ဝါရီလ ၁၇ရက်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မပြောချင်တာက ကမ္ဘာမှာ တရုတ်တစ်နိုင်ငံထဲ ရှိပါတယ်။ ထိုင်ဝမ်က တရုတ်နိုင်ငံရဲ့ ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါက နိုင်ငံတကာဆက်ဆံရေးရဲ့ ကျယ်ပြန့်တဲ့ အသိအမှတ်ပြုမှု တစ်ရပ်ဖြစ်ပြီး နိုင်ငံတကာ လူ့အဖွဲ့အစည်းမှာ သဘောတူညီမှု ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ သံတမန်ဟောင်းက ပြောကြားခဲ့သည်။

ရှင်ကျန်းနှင့် ပတ်သက်သည့် မေးခွန်းများကိုလည်း ယန်က အလားတူတုံ့ပြန်ခဲ့ပြီး ဒေသတွင်းရှိ အဓမ္မ လုပ်အားပေးစခန်းများအကြောင်းနှင့် ပတ်သက်သော သတင်းများကို မမှန်ကန်ကြောင်းနှင့် အချို့အဖွဲ့အစည်းများက မလိုမုန်းထားပြောဆိုနေကြသည်ဟု ယန်က ဆိုခဲ့ကြောင်း Taipei Times ကဖော်ပြခဲ့သည်။

ထိုင်ဝမ်အပေါ် အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်းကို အခိုင်အမာပြောဆိုရန် တရုတ်အစိုးရက ဆောင်းရာသီအိုလံပစ်ပွဲတော်ကို အသုံးချနေကြောင်း ထိုင်ဝမ်အစိုးရက ပြစ်တင်ပြောဆိုလိုက်ပြီး တရုတ်က ဝါဒဖြန့်ချိရန် ပြိုင်ပွဲ၏ ငြိမ်းချမ်းသောစိတ်ဓာတ်ကို အကာအကွယ်ယူပြီး ဝါဒဖြန့်ချိနေသည်ဟု ပြောကြားခဲ့သည်။

ဝန်ကြီးဌာနသည် အိုလံပစ်ပွဲတော်တွင် မသင့်လျော်သော နိုင်ငံရေးဝါဒဖြန့်ခြင်းအတွက် တရုတ်နိုင်ငံအား ပြစ်တင်ဝေဖန်ခဲ့ပြီး တရုတ်သည် အိုလံပစ်ပဋိညာဉ်ပါ နိုင်ငံရေးဘက်မလိုက်မှု စည်းမျဉ်းကို ချိုးဖောက်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

“အိုလံပစ်နေရာ၊ လမ်းမများ သို့မဟုတ် အခြားနေရာများတွင် နိုင်ငံရေး၊ ဘာသာရေး သို့မဟုတ် လူမျိုးရေးနှင့် ပတ်သက်ပြီး ဝါဒဖြန့်ချိမှုမျိုး သို့မဟုတ် ဆန္ဒပြခြင်းမျိုးကို ခွင့်မပြုပါ” ဟု ပဋိညာဉ်စာတမ်းတွင် ဖော်ပြထားသည်။

တရုတ်တစ်နိုင်ငံ မူဝါဒကို ထိုင်ဝမ်ပြည်သူများက ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ထိုင်ဝမ်၏ တရုတ်ပြည်မကြီးရေးရာကောင်စီက ပြောကြားခဲ့သည်ဟု Taipei Times က ဖော်ပြခဲ့သည်။

ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယန်၏ ပြောဆိုချက်များကို မမှန်ကြောင်း ငြင်းဆိုခဲ့ပြီး အဆိုပါ မှတ်ချက်သည် ထိုင်ဝမ်၏ အချုပ်အခြာအာဏာဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ပြောကြားခဲ့ကြောင်း Taipei Times သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly