ပါရီတိုက်ခိုက်မှု ကွင်းဆက်တရားခံ မော်ရိုကိုတွင် ဖမ်းမိ

ပါရီတိုက်ခိုက်မှု ကွင်းဆက်တရားခံ မော်ရိုကိုတွင် ဖမ်းမိ

ကာစန်ဘလန်ကာ၊ ဇန်နဝါရီ ၁၉ ။              ။ ပါရီတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည့် အစ္စလာမ်မစ်လက်နက်ကိုင်များ၊ ဗုံးခွဲသမားများနှင့် ချိတ်ဆက်မှုရှိသည့် ဘယ်လ်ဂျီယမ် အမျိုးသားတစ်ဦးကို မော်ရိုကိုတွင် ဖမ်းဆီးရမိသည်။

ယင်းအမျိုးသားကို ကာစန်ဘလန်ကာတွင် ဇန်နဝါရီ ၁၅ ရက်က ဖမ်းဆီးမိခြင်းဖြစ်ကြောင်း၊ ၎င်းသည် ဆီးရီးယားမှတစ်ဆင့် တူရကီသို့ဝင်ရောက်ကာ ဂျာမနီ၊ ဘယ်လ်ဂျီယမ်နှင့် နယ်သာလန်နိုင်ငံများသို့လည်း သွားရောက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။

၎င်းသည် ဆီးရီးယားတွင် အယ်လ်နျူဆာရှေ့တန်းတပ်ဖွဲ့နှင့်အတူ တိုက်ပွဲဝင်ခဲ့ပြီးနောက် အိုင်အက်စ်အဖွဲ့သို့ ဝင်ရောက်ခဲ့သူတစ်ဦးဖြစ်သည်ဟု မော်ရိုကိုက ထုတ်ပြန်သည်။

ပါရီတိုက်ခိုက်မှုများကို နိုဝင်ဘာ ၁၃ ရက်က အိုင်အက်စ်တို့က ကျုးလွန်ခဲ့ခြင်းဖြစ်ကာ လူပေါင်း ၁၃၀ သေဆုံးခဲ့သည်။

ဘရပ်ဆဲလ်တွင်လည်း တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ၎င်းတို့က စီစဉ်ထားကြဖွယ်ရှိပြီး စုံစမ်းမှုများအရ ကွင်းဆက်တရားခံအချို့ကို ဖမ်းဆီးနိုင်ခဲ့သည်။

ယခုဖမ်းမိသူကို မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက အမည်ထုတ်ဖော်မပြောသော်လည်း ပြင်သစ်နိုင်ငံ စိန့်ဒင်နစ်တွင် အသေခံဗုံးခွဲသူတစ်ဦးနှင့်အတူ ဆီးရီးယားသို့ အတူသွားရောက်ခဲ့သူဖြစ်ကြောင်း ပြောသည်။

ပါရီတိုက်ခိုက်မှုဖြစ်ပွားပြီး ငါးရက်မြောက်တွင် ပြင်သစ်ရဲများက တိုက်ခိုက်မှုအား ကြိုးကိုင်သူအဖြစ် သံသယရှိသူ ဘယ်လ်ဂျီယမ်နိုင်ငံသား အက်ဘ်ဒဲဟာမစ်အဘာအော့ကို စီးနင်းရှာဖွေရာတွင် စိန့်ဒင်နစ်ခရိုင်အတွင်းရှိ တိုက်ခန်းတစ်ခန်းသို့ ဝင်ရောက်စီးနင်းမှု ပြုခဲ့သည်။

အဘာအော့နှင့်အတူ ညီအစ်ကို ဝမ်းကွဲတော်တို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးကြောင်း သိရသည်။ တတိယမြောက် သေဆုံးသူမှာ စီးနင်းခံရစဉ် အသေခံဗုံး ဖောက်ခွဲသွားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly