အီကွေတိုရီရယ်ဂီနီနိုင်ငံတွင် တရုတ်က စစ်အခြေစိုက်စခန်းမတည်ဆောက်စေရန် အမေရိကန် စည်းရုံးမည်

အီကွေတိုရီရယ်ဂီနီနိုင်ငံတွင် တရုတ်က စစ်အခြေစိုက်စခန်းမတည်ဆောက်စေရန် အမေရိကန် စည်းရုံးမည်

ဗဟိုအာဖရိကဒေသရှိ အီကွေတိုရီရယ်ဂီနီနိုင်ငံ၏ ကမ်းရိုးတန်းတွင် စစ်အခြေစိုက်စခန်းတည်ဆောက်မည့် တရုတ်၏ အစီအစဉ်ကို လက်မခံရေးအတွက် စည်းရုံးသိမ်းသွင်းရန် အမေရိကန်အကြီးတန်းသံတမန်နှင့် စစ်ဘက် အရာရှိများသည် အဆိုပါနိုင်ငံသို့ သွားရောက်ခဲ့သည်။

အာဖရိကရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မော်လီဖီးသည် အီကွေတိုရီရယ်ဂီနီသမ္မတ အမ်ဘာဆိုဂိုနှင့် ဖေဖော်ဝါရီလ ၁၅ရက်တွင် "နှစ်နိုင်ငံ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ပိုမိုသာယာဝပြောလာစေရန်နှင့် လုံခြုံရေးအတွက် ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်ရမည့် အစီအစဉ်ကို ဆွေးနွေးခဲ့ကြောင်း မြို့တော် မာလာဘိုရှိ အမေရိကန်သံရုံးက ပြောကြားခဲ့သည်။

တရုတ်အဆိုပြုထားသော အခြေစိုက်စခန်းကို ဆက်လက်လုပ်ဆောင်ခွင့်မပြုရန် အီကွေတိုရီရယ် ဂီနီကို စည်းရုံးရန် တာဝန်ရှိသူများက အဆိုပါခရီးစဉ်ကို အသုံးချရန် ရည်ရွယ်ထားကြောင်း Wall Street Journal က ပြီးခဲ့သည့်သီတင်းပတ်တွင် ဖော်ပြခဲ့သည်။

သမ္မတ၏ သားတော်နှင့် အမွေဆက်ခံသူ ဒုတိယသမ္မတ မန်ကွေးအား အမေရိကန်အမျိုးသားလုံခြုံရေး ကောင်စီ၏ အာဖရိကမဟာဗျူဟာအကြံပေး ဒီဗာမွန်နှင့် အမေရိကန်အာဖရိကစစ်ဌာနချုပ်မှ အမေရိကန် လေတပ်ဗိုလ်ချုပ် အာ့ခ်မန်တို့ပါဝင်သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် “စစ်ဘက်ကဏ္ဍတွင် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအား ကောင်းစေရန်” ဆွေးနွေးခဲ့ကြောင်း တွစ်တာတွင် ဒုတိယသမ္မတက ရေးသားခဲ့သည်။

နှစ်ဘက်စလုံးက "ပင်လယ်ပြင်လုံခြုံရေးနဲ့ ဂီနီပင်လယ်ကွေ့ကို လုံခြုံအောင် ထိန်းသိမ်းခြင်းရဲ့ အရေးကြီးမှုတို့ အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်" ဟု အမေရိကန်သံရုံး၏ တွစ်တာတွင် နောက်ထပ်ဖော်ပြထားသည်။

တရုတ်က ပြန်လည်တည်ဆောက်ပြီး ကူးသန်းရောင်းဝယ်ရေးဆိပ်ကမ်းတစ်ခုတိုးချဲ့နေသည့် နိုင်ငံ၏ အ ကြီးဆုံးမြို့ဖြစ်သည့် ဘာတာတွင် ရေတပ်အခြေစိုက်စခန်းတည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်က အီကွေတိုရီရယ်ဂီနီကို စည်းရုံးနေကြောင်း ဒီဇင်ဘာလတွင် ဂျာနယ်က ဖော်ပြခဲ့သည်။

ယင်းဆောင်းပါးတွင် အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာများနှင့် အမည်မဖော်လိုသော အမေရိကန် အရာရှိများကို ကိုးကားဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly