အလုပ်အကိုင်ဈေးကွက် တိုးတက်မှုကျဆင်းသွားခြင်းကြောင့် မတည်ငြိမ်သော တရုတ်စီးပွားရေးအပေါ် စိုးရိမ်မှုများ မြင့်တက်လာ

အလုပ်အကိုင်ဈေးကွက် တိုးတက်မှုကျဆင်းသွားခြင်းကြောင့် မတည်ငြိမ်သော တရုတ်စီးပွားရေးအပေါ် စိုးရိမ်မှုများ မြင့်တက်လာ

တရုတ်စီးပွားရေးသည် ကိုဗစ်-၁၉ ကြောင့် နှေးကွေးနေချိန်တွင် အလုပ်အကိုင်ဈေးကွက်တိုးတက်မှု လျော့နည်းလာခြင်းနှင့် သက်ကြီးရွယ်အိုဦးရေများပြားလာမှုဟူသော စိန်ခေါ်မှုနှစ်ရပ်ကို ရင်ဆိုင်နေရကြောင်း Renmin University of China မှ အလုပ်အကိုင်သုတေသနဆိုင်ရာအင်စတီကျူ (CIER) နှင့် အလုပ်အကိုင် ရှာဖွေရေးဝဘ်ဆိုဒ် Zhaopin မှ ပြုလုပ်သော စစ်တမ်းအရ သိရသည်။

တရုတ်နိုင်ငံရှိ တက္ကသိုလ်ဘွဲ့ရများအကြား လျှောက်ထားသူ တစ်ဦးအတွက် အလုပ်အကိုင်အရေအတွက်သည် ၂၀၂၁ ခုနှစ် စတုတ္ထ ၃ လပတ်တွင် ၀ ဒသမ ၈၈ သို့ ကျဆင်းသွားကြောင်း စစ်တမ်းအရသိရသည်ဟု The Hong Kong Post ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် အလုပ်အကိုင်အရေအတွက်သည် ၂၀၁၉ ခုနှစ်က ၁၂ ဒသမ ၇၉ သန်းရှိရာမှ ၂၀၂၀ ခုနှစ်တွင် ၁၂ ဒသမ ၀၇ သန်းအထိ ကျဆင်းသွားခဲ့သည်။

တရုတ်နိုင်ငံ့စာရင်းအင်းဗျူရို (NBS) ၏အဆိုအရ အသက် ၁၆ နှစ်မှ ၂၄ နှစ်ကြားရှိလူများအတွက် ၂၀၂၁ ခုနှစ်တွင် မြို့ပြဒေသများ၏ အလုပ်လက်မဲ့နှုန်းသည် ၁၄ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ကိုဗစ်-၁၉ နှင့် လုပ်သားဈေးကွက် အကျပ်အတည်းများသည် နိုင်ငံတွင်းရှိ အချို့ဒေသများတွင် အလုပ်လက်မဲ့နှုန်း သိသိသာသာ မြင့်တက်စေသည့် အကြောင်းရင်းများအဖြစ် တရုတ်လူမှုသိပ္ပံအကယ်ဒမီ (CASS) ၏ အစီရင်ခံစာကို ကိုးကား၍ ဖော်ပြထားသည်။

အလုပ်လက်မဲ့ဖြစ်ရခြင်းသည် နိုင်ငံတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ရှင်သန်မှုကို ခြိမ်းခြောက်နေသည့် နိုင်ငံခြားကုမ္ပဏီများ အစုလိုက်အပြုံလိုက် ထွက်ခွာသွားခြင်းကြောင့် ဖြစ်သည်ဟု CASS ၏ အစီရင်ခံစာကဆိုသည်။

Bank for International Settlement ၏ အဆိုအရ ၂၀၂၀ နှစ်ကုန်တွင် တရုတ်နိုင်ငံရှိ ဘဏ္ဍာရေးနှင့် မဆိုင်သော ကော်ပိုရေးရှင်းများအတွက် ထုတ်ပြန်သောကြွေးမြီစုစုပေါင်းသည် နိုင်ငံ ဂျီဒီပီ၏ ၁၆၁ ရာခိုင်နှုန်း ရှိသည်။

Citizen Power Initiatives for China တည်ထောင်သူဥက္ကဋ္ဌ ကျန်းလီယန်းက‌ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် လွန်ခဲ့သော ၁၀ နှစ်ခန့်က စတင်ကျဆင်းလာခဲ့သည်ဟု ဆိုသည်။ နှစ်ပေါင်း ၃၀ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် နှေးကွေးမှုသည် ပုံမှန်ဖြစ်လာသော်လည်း ရှီ၏အုပ်ချုပ်မှုနှင့် ကြုံကြိုက်ချိန်တွင် စီးပွားရေးကျဆင်းမှုသည် ရှီ၏ မူဝါဒများနှင့် ဆက်စပ်နေကြောင်း ညွှန်ပြနေပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly