မြိတ်တက္ကသိုလ် ပထမနှစ် ကျောင်းသူ ပ၀ရွာ စစ်ရှောင်စခန်း အနီးတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်ဖမ်းဆီးခံရ

မြိတ်တက္ကသိုလ် ပထမနှစ် ကျောင်းသူ ပ၀ရွာ စစ်ရှောင်စခန်း အနီးတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်ဖမ်းဆီးခံရ

ဖေဖော်ဝါရီလ ၂၄ ရက်

တနင်္သာရီတိုင်း၊ မြိတ်တက္ကသိုလ်မှ ပထမနှစ် ကျောင်းသူ တစ်ဦးသည်  တနင်္သာရီမြို့နယ်ရှိပ၀ရွာ စစ်ဘေးရှောင်စခန်းသို့ သွားနေစဉ် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ် ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း မြိတ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

အဆိုပါ စစ်ရှောင်စခန်းမှာ ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ပ၀ရွာအနီးရှိ စစ်ဘေးရှောင်စခန်းလည်း ဖြစ်သည်။

အဆိုပါကျောင်းသူ တစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ပြီး ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ၎င်းနှင့် နီးစပ်သည့် ကျောင်းသား၊ကျောင်းသူများက အတည်ပြုပြောသည်။

မြိတ်တက္ကသိုလ်မှ ပထမနှစ် ကျောင်းသူ တစ်ဦးဖြစ်သူ မမြတ်နိုးသူသည် စစ်ကောင်စီတပ်ဖွဲ့ကအာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်ရေးသပိတ် စစ်ကြောင်းများတွင် တက်ကြွစွာဖြင့် ဦးဆောင်ပါဝင်လှုပ်ရှားသူ တစ်ဦး ဖြစ်သည်ဟု  မြိတ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဥက္ကဋ္ဌတာဝန်ယူထားသူက မဇ္ဈိမကို ပြောသည်။

မြိတ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ အဖွဲ့ဝင် တစ်ဦးကလည်း “သူက ပ၀ရွာ စစ်ဘေးရှောင် စခန်းကို အလုပ်ကိစ္စ တစ်ခုနဲ့ သွားတဲ့ အချိန်မှာ ပ၀ဘုန်းတော်ကြီးကျောင်း အနားမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုးပြီး သေနတ်နဲ့ ပစ်ခတ်ပြီး ဖမ်းဆီးခြင်း ခံရတာပါ”ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခြင်း ခံရသည့် မမြတ်နိုးသူသည် ခြေတောက်တွင် သေနတ် ဒဏ်ရာများ ရရှိထားကာ ကြိုးဖြင့် ချည်နှောင်ပြီး စစ်ကြောရေးသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အထက်ပါ သမဂ္ဂထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required