တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးဇုန် ထူထောင်ရန် ပါကစ္စတန်က တရုတ်ထံမှ အကူအညီတောင်း

တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးဇုန် ထူထောင်ရန် ပါကစ္စတန်က တရုတ်ထံမှ အကူအညီတောင်း

ပါကစ္စတန်အစိုးရက ခေတ်မီနည်းပညာပစ္စည်းများနှင့်ပတ်သက်၍ နိုင်ငံတွင်း လုံလောက်မှုကို မြှင့်တင်ရန် နိုင်ငံတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုဇုန်တစ်ခု ထူထောင်ရေးအတွက် တရုတ်၏ အကူအညီကို တောင်းခံထားသလို ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် နည်းလမ်းများကိုလည်း ရှာဖွေလျက် ရှိသည်။

ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးသည် တိုးတက်မှုမရှိဘဲဖြစ်နေသလို ဝန်ကြီးချုပ် အီမရန် ခန်း အစိုးရကလည်း ဖြစ်နိုင်သမျှ နည်းလမ်းမျိုးစုံဖြင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကို တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိနေချိန်တွင် အဆိုပါ ထုတ်လုပ်မှုဇုန် ထူထောင်ရန် ကြေညာချက်ကို ပြန်ကြားရေးနှင့် ရုပ်သံလွှင့်မှုဆိုင်ရာ ဝန်ကြီး ဖာဝက်ဒ် ချောင်ဒ်ဟရီက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းသည် ယခုနောက်ပိုင်းနှစ်နှစ်အတွင်း ပထမဆုံးအဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုခရီးစဉ်က အထူးသဖြင့် လက်ရှိကာလ၌ အနောက်အုပ်စုက ပါကစ္စတန်ကို ဆက်လက်လျစ်လျူရှုထားချိန်တွင် တရုတ်အစိုးရအပေါ် ပါကစ္စတန်အစိုးရက ဘဏ္ဍာရေးဆိုင်ရာ မှီခိုအားပြုမှုကို ညွှန်ပြနေခြင်းဖြစ်သည်။

“တရုတ်နည်းပညာကုမ္ပဏီတွေ ဒီကို လာရောက်ပြီး ပါကစ္စတန်ကို တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေ ထုတ်လုပ်တဲ့ ဗဟိုချက်နေရာတစ်ခု ဖြစ်အောင် ထူထောင်စေဖို့ မိမိတို့ လိုလားပါတယ်” ဟု ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး ဖာဝက်ဒ်က China Economicnet နှင့် တွေ့ဆုံသည့် အင်တာဗျူးတစ်ခုတွင် ပြောသွားခဲ့ကြောင်း the News International က ဖော်ပြသည်။

ထို့ပြင် အီမရန် ခန်းအစိုးရသည် တရုတ်၏ SAFE deposits ဟု သိကြသည့် အစီအစဉ်အောက်တွင် နောက်ထပ် ချေးငွေ ဒေါ်လာ ၃ ဘီလီယံ ရရှိရေးအတွက် တရုတ်၏ အတည်ပြုချက်ကို တောင်းဆိုရန် စဉ်းစားလျက် ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly