နိုင်ငံတကာတွင် ရင်ဆိုင်ရမည့် အခက်အခဲများအတွက် အသင့်ပြင်ထားရန် ရှီကျင့်ဖျင်တိုက်တွန်း

နိုင်ငံတကာတွင် ရင်ဆိုင်ရမည့် အခက်အခဲများအတွက် အသင့်ပြင်ထားရန် ရှီကျင့်ဖျင်တိုက်တွန်း

ပိတ်ဆို့အရေးယူမှုများနှင့်စွက်ဖက်မှုများအပါအဝင် အရေးတကြီးနယ်ပယ်များကို ဦးစားပေးလုပ်ဆောင်ကာ နိုင်ငံခြားရေးကိစ္စများနှင့် ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းမှုကို အရှိန်မြှင့်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းလိုက်သည်။

“နိုင်ငံတကာနဲ့ဆိုင်တဲ့ ရုန်းကန်လှုပ်ရှားမှုတွေ လုပ်ဆောင်ရာမှာ ဥပဒေနည်းလမ်းတွေကို အသုံးပြုရမယ်” ဟူသော ရှီ၏ ပြောကြားချက်ကို ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ဝေသည့် ကွန်မြူနစ်ပါတီ၏ အယူအဆရေးရာ ဂျာနယ်Qiushi ၌ဖော်ပြထားသည်။

“ကျွန်တော်တို့ဟာ အရေးကြီးဆုံး လုပ်ငန်းတာဝန်တွေကို ဦးစားပေးဆောင်ရွက်ပြီး ပြင်ပကိစ္စရပ်တွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကို ပိုမိုအားကောင်းလာစေဖို့နဲ့ ပိတ်ဆို့အရေးယူမှု၊ စွက်ဖက်မှုနဲ့ အဝေးကို လက်လှမ်းမီတဲ့တရားစီရင်ပိုင်ခွင့်တွေကို တန်ပြန်နိုင်မယ့်ဥပဒေတွေနဲ့ စဉ်းမျဉ်းတွေကို ပြီးမြောက်အောင် ဖော်ဆောင်ရပါမယ်” ဟု ရှီက ပြောသည်။

ရှီသည် တရုတ်နိုင်ငံ၏ ပင်လယ်ရပ်ခြားအကျိုးစီးပွားကို ကာကွယ်နိုင်ရေးအတွက် လုံခြုံရေးကွင်းဆက်ကို ချဲ့ထွင်နိုင်ရန် ဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နှစ်ဦးနှစ်ဖက်ဆက်ဆံရေးတွင် ထည့်သွင်းရန်လည်း တောင်းဆိုခဲ့သည်။

တရုတ်နှင့်အမေရိကန်တို့သည် ပထဝီဝင်နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာမျက်နှာစာများနှင့် စံနှုန်းများနှင့်စပ်လျဉ်းပြီး တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက်ရင်ဆိုင်ရန် ဒဏ်ခတ်ပိတ်ဆို့ခြင်းကဲ့သို့သော တရားဥပဒေနည်းလမ်းများကို

ပိုမိုအသုံးပြုလာသောကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာချိန်တွင် ရှီက ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။

ရှီက ဒစ်ဂျစ်တယ်စီးပွားရေး၊ အွန်လိုင်းစနစ် ဘဏ္ဍာရေး၊ ဉာဏ်ရည်တု၊ ဒေတာနှင့် cloud computing အပါအဝင် သမားရိုးကျမဟုတ်သော နယ်ပယ်များတွင် ဥပဒေပြုရေးဆိုင်ရာ အားထုတ်မှုများကို စိတ်ပါဝင်စားစွာဖြင့် လုပ်ဆောင်ရန်လည်း တိုက်တွန်းထားသည်။

“ရှေ့နေဆိုင်ရာ နိုင်ငံရေးလမ်းညွှန်မှုတွေ ပိုအားကောင်းစေဖို့ ၊တရုတ်ကွန်မြူနစ်ပါတီနဲ့ ကျွန်တော်တို့ရဲ့ ဆိုရှယ်လစ် တရားစီရင်ရေးစနစ်ကို ဆန္ဒအလျောက် ထောက်ခံလာအောင် သူတို့ကို ဦးဆောင်လမ်းပြဖို့နဲ့ ပါတီနဲ့ ပြည်သူတွေ ကျေနပ်အားရတဲ့ ရှေ့နေတွေဖြစ်စေဖို့ ကြိုးပမ်းကြရပါမယ် ” ဟု ရှီက တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly