ရှင်ကျန်းဖိနှိပ်မှုများအတွက် ကမ္ဘာ့ဘဏ်က ရန်ပုံငွေထောက်ပံ့နေဟု စွပ်စွဲခံရ

ရှင်ကျန်းဖိနှိပ်မှုများအတွက် ကမ္ဘာ့ဘဏ်က ရန်ပုံငွေထောက်ပံ့နေဟု စွပ်စွဲခံရ

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်ရှိ ဝီဂါနှင့် အခြားသော မွတ်စလင်လူနည်းစုများကို ဖိနှိပ်ရန် ကမ္ဘာ့ဘဏ်က ငွေကြေးထောက်ပံ့နေကြောင်း ဝါရှင်တန်အခြေစိုက် အကြံပေးအဖွဲ့ Atlantic Council က စွပ်စွဲလိုက်သည်။

အဓမ္မလုပ်အားကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှုနှင့် ရှင်ကျန်းမှ လူများကို အတင်းအကျပ် ရွှေ့ပြောင်းစေရန် လုပ်ဆောင်သော တရုတ်၏ လှုပ်ရှားမှုတွင်ကမ္ဘာ့ဘဏ်လက်အောက်ခံ နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ၏ ဖောက်သည်အများအပြားကတက်ကြွစွာပါဝင်ခဲ့သည့် ထင်ရှားသောအထောက်အထားကို Atlantic Council က တွေ့ရှိထားသည်။

“ဝီဂါဒေသတွင် IFC ၏ငွေကြေးထောက်ပံ့မှုကြောင့် ထိခိုက်ခဲ့ရသော လူမှုအသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်ကို လုံလုံလောက်လောက်အကာအကွယ်ပေးရန်ပျက်ကွက်မှုသည် ဝီဂါ၊ ကာဇက်နှင့် အခြားသော လူနည်းစု နိုင်ငံသားများကို ဖိနှိပ်ရာတွင် အဖွဲ့အစည်းအား ကြံရာပါဖြစ်စေသည်" ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာတွင် ဖော်ပြထားသည့် IFC မှ ငွေကြေးထောက်ပံ့သည့် ကုမ္ပဏီများတွင် နိုင်ငံတကာ ဈေးကွက်တွင် လှုပ်ရှားဆောင်ရွက်နေသော ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိ ကော်ပိုရေးရှင်းများလည်း ပါဝင်သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း မွတ်စလင်အများစုရှိသောဒေသတွင် လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံအများအပြားက စိုးရိမ်ပူပန်နေစဉ် ယခု အစီရင်ခံစာထွက်ပေါ်လာခြင်းဖြစ်သည်။

ဝီဂါမူဆလင်များအပေါ် တရုတ်နိုင်ငံ၏ လူမျိုးတုံးသတ်ဖြတ်မှုကို ပြင်သစ်ပါလီမန်က ယခုလအစောပိုင်းတွင် ပြစ်တင်ရှုတ်ချခဲ့ပြီး ပြင်သစ်နှင့်တရုတ်အစိုးရအကြား ဆက်ဆံရေးယိုယွင်းသွားစေမည့် ဆုံးဖြတ်ချက် တစ်ခုဖြစ်သည်။

ယမန်နှစ်ကလည်း ဗြိတိန်၊ ကနေဒါနှင့် နယ်သာလန်နိုင်ငံတို့မှ ပါလီမန်များက အလားတူဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြပြီး အမေရိကန်အစိုးရကလည်း ရှင်ကျန်း လူမျိုးတုံးသတ်ဖြတ်မှုကို ရှုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required