နီပေါ၏ ကုန်သွယ်မှုလိုငွေ လျှော့ချရေး တရုတ် လိုက်လျောရန် ပျက်ကွက်

နီပေါ၏ ကုန်သွယ်မှုလိုငွေ လျှော့ချရေး တရုတ် လိုက်လျောရန် ပျက်ကွက်

တရုတ်က ကမ်းလှမ်းသည့် အခွန်လွတ်ခွဲတမ်းသည် နီပေါနိုင်ငံ၏ စီးပွားရေးအတွက် အထောက်အကူပြုခြင်း မရှိပေ။

၂၀၁၇-၁၈ ခုနှစ် တစ်နှစ်တည်းတွင် တရုတ်နိုင်ငံမှ နီပေါ၏ တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်ရှိပြီး နီပေါမှ ပြန်လည်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၃ သန်းဝန်းကျင်သာရှိကြောင်း Tibet Press သတင်းတွင် ဖော်ပြထားသည်။

တရုတ်က နီပေါသို့ ၂၀ဝ၉ ခုနှစ်ကတည်းက အခွန်ကင်းလွတ်ခွင့်ပေးခဲ့သော်လည်း အခြေအနေမှာ ယခင် အတိုင်း ဆက်လက်ရှိနေခဲ့သည်။

“အကောက်ခွန်အခြေအနေတွေကြောင့် နီပေါက ကုန်သွယ်မှုလိုငွေကို လျော့နည်းအောင် မလုပ်နိုင်ခဲ့ပါဘူး။ တရုတ်ဈေးကွက်အတွက် အထူးအခွင့်အရေးအနေနဲ့ နီပေါစားသုံးဆီ၊ အသားနဲ့ အပင်ထွက်ပစ္စည်း အများ အပြားတင်သွင်းခွင့်ပြုဖို့ တရုတ် က အာမခံထားပေမယ့်၊ ဒီထုတ်ကုန်တွေက အခုအချိန်ထိ အခွန်ကင်းလွတ်ခွင့် မရသေးပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နှင့် နှိုင်းယှဉ်ပါက ပိုမိုကောင်းမွန်သည့် နီပေါမှ သားမွှေးထုတ်ကုန်များ၊ သိုးမွှေးကော်ဇောနှင့် လက်မှု ပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းများအတွက် တရုတ်ထံမှ အခွန်ကင်းလွတ်ခွင့်ရရေးကို ကြိုးပမ်း နေသည်။

ယင်း ကုန်ပစ္စည်းများသည် လက်ရှိတွင် နီပေါသို့ တရုတ်ကပေးသော DFQF စာရင်းတွင် မပါဝင်သေးပေ။ နီပေါ ဝန်ကြီးချုပ်ဟောင်း ကေပီအိုလီ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း နီပေါသည် ရောင်းဝယ်ဖောက်ကားနိုင်သော ကုန်ပစ္စည်း ၅၁၂ မျိုးအတွက် ဈေးကွက်အဆင့်မြှင့်တင်ရန် တရုတ်အစိုးရထံ တောင်းဆိုမှုအသစ်တစ်ခု ပြုလုပ် ခဲ့သည်။ သို့သော် တရုတ်က အခွန်ကင်းလွတ်ကတိဖြင့် နီပေါထုတ်ကုန်များ၏ DFQF စာရင်းကို ပြန်လည် ပြင်ဆင်ထားခြင်းမရှိသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အိန္ဒိယပြီးလျှင် တရုတ်သည် နီပေါ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။

တရုတ်အာဏာပိုင်များထံမှ ထပ်ခါတလဲလဲ အာမခံချက်ရရှိခဲ့သော်လည်း နီပေါကုန်စည်များသည် ကုန်းလမ်း ကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် လွန်ခဲ့သည့်နှစ်အနည်းငယ်ကတည်းက အတားအဆီးများနှင့် ကြုံတွေနေရကြောင်း Tibet Press က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly