ချင်းပြည်နယ်တွင်  ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများ မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်ဖွဲ့က ''အမျိုးမဖျက် ဘာသာကိုမစော်ကားဘူး”ဟု စာရေးသွား

ချင်းပြည်နယ်တွင်  ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများ မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်ဖွဲ့က ''အမျိုးမဖျက် ဘာသာကိုမစော်ကားဘူး”ဟု စာရေးသွား

ဖေဖော်ဝါရီလ ၂၃ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အွယ်ရေးကျေးရွာတွင် ''ငါတို့ဟာ အမျိုးမဖျက်ဘူး၊ ဘာသာကို မစော်ကားဘူး၊ သာသနာကို မထိပါးဘူး''ဟု စစ်ကောင်စီတပ်ဖွဲ့ ရေးသားသွားသည့် စာသားပါ စာရွက်ကို တွေ့ရသည်။ 

ချင်းပြည်နယ်တွင် ဘုရားကျောင်းများ  ဘုန်းကြီးကျောင်းများ နှင့် ပြည်သူများ၏ အိုးအိမ်များကို ဖျက်ဆီးမှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့က ထိုသို့ ရေးခဲ့ကြခြင်း ဖြစ်သည်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မှတ်ချက်ပြုထားသည်။ 

စစ်ကောင်စီတပ်ဖွဲ့ ရေးသားသွားသည့် စာထဲတွင် ''ငါတို့ဟာ မင်းတို့ပြောတဲ့ စစ်ခွေးတွေ မအလကျွန်တွေဆိုတာမှန်တယ်။  မိမဆုံးမ၊ ဖမဆုံးမ ဆိုတာလည်းဟုတ်ချင်ဟုတ်မယ်၊ ဒါပေမဲ့ ငါတို့ဟာ အမျိုးမဖျက်ဘူး။ ဘာသာကို မစော်ကားဘူး။ သာသနာကို မထိပါးဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသကို ကာကွယ်စောင့်ရှောက်နေတာ မဖျက်ဘူး။ မစော်ကားဘူး။ ငါတို့ရဲ့နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ သာသနာနဲ့ ရဟန်းရှင်ပြည်သူ လူအပေါင်းကို နှောင့်ယှက် ဖျက်ဆီးသူအပေါင်းဟာ ဘယ်သူပဲ ဖြစ်ဖြစ် ငါတို့ရန်သူပဲ။ မင်းတို့ဟာ မင်းတို့ ပြည်သူတွေကို ကာကွယ်နေတာဆို မင်းတို့ ပြည်သူတွေ ပြန်ပြီး တစ်ချက်လောက်ကြည့်စမ်းပါ ။ ကိုယ့်ရွာ ကိုယ့်ဒေသ ကိုယ့်အိမ်မှာ မနေရဘူး။  ငါတို့ကြောင့်လို့ လွဲမချနဲ့ ။ ယခင်က ဒီလိုပဲလား။  မင်းတို့PDFတွေ ပေါ်လာမှ ဒီလိုဖြစ်တာ ၊မင်းတို့ရဲ့ရည်ရွယ်ချက် ပန်းတိုင်က ဘာလဲ ။ ငါတို့မေးချင်တယ် ''ဟု ရေးသားထားခြင်း ဖြစ်သည်။ 

ထိုစာနှင့် ပတ်သက်၍ ''ဒေသခံတို့၏ စားနပ်ရိက္ခာများ စားသောက် ဖျက်ဆီး၊ ကြက်၊ ဆိတ်များ သတ်စား၊ ဆေးရုံရှိ ပစ္စည်းပေါင်းစုံကို မီးရှို့၊ ကျေးရွာထဲ တာဝေးလက်နက်ကြီးများ ရမ်းကားပစ်၊ ‌မြေမြုပ်မိုင်းများ ထောင်ခဲ့သည့် အမျိုး၊ ဘာသာ၊ သာသနာ၊ ရဟန်းရှင်လူ ပြည်သူအပေါင်းကို ကာကွယ်စောင့်ရှောက်နေသော စကစ(စစ်ကောင်စီ) တစ်ယောက် ရေးထားခဲ့သည့်စာ''ဟုလည်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ရေးသားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required