အိုမီခရွန် တိုက်ဖျက်ရန် ကမ္ဘောဒီးယား၌ အသက် ၃ နှစ်နှင့် ၄ နှစ်အရွယ် ကလေးများကို COVID-19 ကာကွယ်ဆေးထိုးပေး

အိုမီခရွန် တိုက်ဖျက်ရန် ကမ္ဘောဒီးယား၌ အသက် ၃ နှစ်နှင့် ၄ နှစ်အရွယ် ကလေးများကို COVID-19 ကာကွယ်ဆေးထိုးပေး

ဖေဖေါ်ဝါရီ ၂၃

ကမ္ဘောဒီးယားနိုင်ငံတွင် အိုမီခရွန် တိုက်ဖျက်ရေးအတွက် ယခုအခါ အသက် ၃ နှစ် နှင့် ၄ နှစ်အရွယ် ကလေးများကို တရုတ်ထုတ် COVID-19 ကာကွယ်ဆေး Sinovac ဖြင့် စတင်ထိုးနှံပေးနေကြောင်း သိရသည်။

နိုင်ငံတွင် COVID-19 ကူးစက်ခံရမှုသစ်များထဲတွင် အသက်ငယ်ရွယ်သည့် ကလေးအများအပြား ပါဝင်နေသည်ကို တွေ့ရှိပြီးနောက် ယခုကဲ့သို့ အထက်ပါ အသက်အပိုင်းအခြားရှိ ကလေးငယ်များကိုပါ ကာကွယ်ဆေး ထိုးနှံပေးနေခြင်း ဖြစ်သည်။

မိမိတို့၏ သားသမီးများကို တတ်နိုင်သမျှ အမြန်ဆုံး ကာကွယ်ဆေးထိုးနှံစေရေးအတွက် ကလေးမိဘများကို ဝန်ကြီးချုပ် ဟွန်ဆန်က ပန်ကြားထားသည်။

၎င်း၏ မြေးငါးဦးနှင့် သမီးတစ်ဦးတို့လည်း အိုမီခရွန် မျိုးကွဲ ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိထားကြောင်း ဟွန်ဆန်က ပြောသည်။

“COVID-19 ကို ကျော်လွှားဖို့အတွက်က အစိုးရ ဒါမှမဟုတ် ကျန်းမာရေးဝန်ကြီးဌာနတို့အပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး။ ပြည်သူအားလုံးရဲ့ ပူးပေါင်းပါဝင်မှုအပေါ်မှာလည်း မူတည်နေတာဖြစ်ပါတယ်” ဟု ဟွန်ဆန်က ဖနွမ်းပင်မြို့စွန်ရှိ ရေဆိုးသန့်စင်စက်ရုံ ဖွင့်ပွဲအခမ်းအနားတစ်ခု၌ ပြောခဲ့သည်။

နိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများအနက် ၂၅ ရာခိုင်နှုန်းက အသက် ၅ နှစ်အောက် ကလေးများနှင့် ပတ်သက်နေကြောင်း ကျန်းမာရေးတာဝန်ရှိသူများက စစ်ဆေးတွေ့ရှိပြီးနောက် နိုင်ငံတွင် အသက်ငယ်သည့် ကလေးများ ကာကွယ်ဆေးထိုးရေး အစီအစဉ်ကို ဟွန်ဆန်က ပြီးခဲ့သည့်အပတ်က အတည်ပြုထောက်ခံချက်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းနိုင်ငံတွင် အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးများကို ကာကွယ်ဆေးထိုးနှံပေးပြီးနောက် ယမန်နှစ် စက်တင်ဘာလက အသက် ၆ နှစ်မှ ၁၁ နှစ်အကြား ကလေးများအတွက် ကာကွယ်ဆေးထိုးနှံခြင်းကို ခွင့်ပြုပေးခဲ့ကာ ယင်းနောက် နိုဝင်ဘာလတွင် အသက် ၅ နှစ်အရွယ် ကလေးများအတွက် ကာကွယ်ဆေးထိုးနှံခြင်းကို ခွင့်ပြုပေးထားခဲ့သည်။

ကမ္ဘောဒီးယား၏ လူဦးရေ ၁၇ သန်းနီးပါးအနက် ၈၀ ရာခိုင်နှုန်းကျော်သည် ကာကွယ်ဆေး နှစ်ကြိမ်အနည်းဆုံး ထိုးနှံထားပြီး ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမှုများတွင် တရုတ်၏ Sinovac နှင့် Sinopharm တို့ကို အများဆုံး အသုံးပြုထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly