ဘရာဇီး၌ မုန်တိုင်းကျရောက်ပြီး ရေကြီးမြေပြိုမှုများ အတွင်း သေဆုံးသူ ၁၈၆ ဦးအထိ ရှိလာ

ဘရာဇီး၌ မုန်တိုင်းကျရောက်ပြီး ရေကြီးမြေပြိုမှုများ အတွင်း သေဆုံးသူ ၁၈၆ ဦးအထိ ရှိလာ
Photo - AFP

ဖေဖော်ဝါရီ ၂၃

ဘရာဇီးနိုင်ငံက ခရီးသွားများ လာရောက်ရာ ပီထရိုပိုလစ်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး တစ်ပတ်အတွင်း ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားရာတွင် သေဆုံးသူဦးရေသည် ၁၈၆ ဦးအထိ ရှိလာပြီဖြစ်သည်ဟု အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောသည်။

မုန်တိုင်းကျရောက်ခဲ့ချိန်မှစကာ တောင်စောင်းဒေသ ယင်းမြို့၌ ပျက်စီးမှုအားကြီးသော မြေပြိုမှုများတွင် ရွံ့နွံ့များနှင့် အပျက်အစီးများကို တူးဖော်ကာ ကယ်ဆယ်ရေးသမားများသည် သေဆုံးဒဏ်ရာရသူများကို ရှာဖွေလျက် ရှိနေသည်။

လက်ရှိအထိ ပျောက်ဆုံးနေသူ ၆၉ ဦးရှိရာ ယင်းအရေအတွက်မှာလည်း ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခြင်းနှင့် အစပိုင်း ဝရုန်းသုန်းကား အခြေအနေအတွင်း ကွဲကွာခဲ့ကြသည့် မိသားစုများ ပြန်လည်ပေါင်းစည်းနိုင်ခြင်းတို့ကြောင့် အရေအတွက် လျော့ကျရခြင်း ဖြစ်သည်။

အရှေ့တောင်ပိုင်း ပီထရိုပိုလစ်မြို့တွင် တစ်လတာ မိုးရေချိန်နှင့် ညီမျှသော ဖေဖော်ဝါရီ ၁၅ ရက်က နာရီအတန်ကြာ မိုးကြီး ရွာသွန်းမှုအတွင်း သေဆုံးရသူများတွင် ကလေးငယ် ၃၃ ဦးလည်း ပါဝင်သည်ဟု ရဲက ပြောသည်။

အိမ်ခြေများ ဆုံးရှုံးခြင်း သို့မဟုတ် ဘေးလွတ်ရာ ရွှေ့ပြောင်းရသည့် ပြည်သူ ၈၅၀ ကျော်သည် အရေးပေါ် ခိုလှုံရေးစခန်းများ၌ နေထိုင်နေရဆဲ ဖြစ်သည်။

ပီထရိုပိုလစ်မြို့အနှံ့ ရွံ့နွံ့များ၊ အပျက်အစီးများနှင့် သောင်တင်နေသော ကားများကို တာဝန်ရှိသူများက အကြီးစား ရှင်းလင်းမှုများ ဆောင်ရွက်နေရသည်။ လူ ၃၀၀၀၀၀ ခန့်နေထိုင်ကြရာ မျက်စိပသာဒဖြစ်ဖွယ် လှပသော ယင်းမြို့၌ ၁၉ ရာစုခေတ် ဘရာဇီးအင်ပါယာ၏ နွေရာသီမြို့တော် ဖြစ်ခဲ့သည်.

ကုန်လွန်ခဲ့သော သုံးလအတွင်း ဘရာဇီးနိုင်ငံ၌ ပြင်းထန်သော မုန်တိုင်းများကြောင့် လူပေါင်း အနည်းဆုံး ၂၃၆ ဦး သေဆုံးခဲ့သည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးသည်းထန်ခြင်းများသည် ပို၍ ဆိုးဝါးလာကြောင်း ပညာရှင်များက ပြောကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required