ဖားကန့်မြို့ ဆိုင်းတောင်အနီး ဗုံးပေါက်ကွဲမှု ၃ကြိမ်ဖြစ်ပွါး

ဖားကန့်မြို့ ဆိုင်းတောင်အနီး ဗုံးပေါက်ကွဲမှု ၃ကြိမ်ဖြစ်ပွါး

ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်အနီးတွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက် ၉ နာရီ အချိန်ခန့်က ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွါးခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

ဆိုင်းတောင် ကျောက်သွေးတောင် အနီးရှိ ကျောက် ကုမ္မဏီအနီး ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး ကျန် ဗုံး နှစ်လုံးမှာ ဆိုင်းတောင် စစ်တပ်ကုန်း အနီးရှိ ရှမ်းကုန်း ရပ်ကွက်တွင် ပေါက်ကွဲ ခဲ့ကာ ဗုံးပေါက်ကွဲ ချိန်တွင် ဆိုင်းတောင် ပြည်သူများ နှစ်ခြောက်လုံးလှုပ်ရှားမှုဖြစ်သည့် ပန်းသပိတ် ပြုလုပ်ပြီး ချိန်လည်းဖြစ်သည်ဟု ပေါက်ကွဲမှုဖြစ်ပွါးရာအနီးရှိသူထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည ၇ နာရီခန့် က ဖားကန့်ကျောက်ဝိုင်း အနီးတစ်ဝိုက် စစ်ကောင်စီ တပ်ဖွဲ့ ၁၀၀ ခန့် စစ်ဆေးမှု ပြုလုပ်ခဲ့ကာ လူနေအိမ်တစ်ခုကို ဝင်စီးနင်းပြီး ပြည်သူ သုံးဦး အဖမ်း ခံရကာ ဖမ်းဆီးခံရသူများမှာ ၂၁ ရက်နေ့ ညနေ ပိုင်းပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးခံ ရသူများ နေအိမ်ကို စစ်ကောင်စီ တပ်ဖွဲဝင်များ ဝင်စီးနင်းစဉ် အိမ်အတွင်းရှိ ရွှေ၊ငွေ များကို ယူဆောင်သွားကြောင်း သိရသည်။

ဖားကန့် အေးမြသာယာ ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည၇နာရီခန့် ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်က ရပ်ကွက် အတွင်း တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးမှု ပြုလုပ်ခဲ့ကြပြီး ဖမ်းဆီးခံရသူ မရှိဘဲ ရပ်ကွက်နေပြည်သူများမှာ ထိတ်လန့်ကာ တံခါး ပိတ် မီးမှိတ်၍ နေရကြောင်း ဒေသခံထံမှ သိရသည်။

ဖားကန့် ၊ဆိုင်းတောင် စစ်တပ်ကုန်းအနီး တွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required