အမရဌာနီ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

အမရဌာနီ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂၃

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရန်ကင်း ဆိုသူ ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းက သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

“ဌာနီအရှေ့ရပ်ကွက် အုပ်ကြီးပါ၊ ဦးရန်ကင်း တဲ့၊ အိမ်ရှေ့တင် အသတ်ခံရတာ၊ သေမလို မသေမလိုနဲ့ ဆေးရုံကား လာတဲ့အချိန်မှာ သေသွားပါတယ်” ဟု ဒေသခံ သတင်းရင်းမြစ် ကပြောသည်။

အသက် ၅၀ ဝန်းကျင် ဦးရန်ကင်းသည် အောင်မြေသာစံမြို့နယ် ဥပုသ်တော် ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပြီး၊ ယမန်နေ့ ည ၇ နာရီခွဲခန့်က နေအိမ်ရှေ့ တစ်ဦးတည်း ထိုင်နေစဉ် ဆိုင်ကယ်စီး သေနတ်သမား နှစ်ဦးက သေနတ်ဖြင့် သုံးချက် ပစ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“ဗိုက်ကိုလည်း တစ်ချက်ထိတယ် ပြောတယ်၊ အဲဒီ တစ်ချက်နဲ့တင် သေနိုင်တာပါ၊ ဆေးရုံကားပေါ် တင်တော့ သေနေပြီလို့လည်း ပြောတယ်၊ အခု ရပ်ကွက်ထဲ စစ်တပ်က ဝင်သောင်းကျန်းနေတယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။

ဦးရန်ကင်း အား မည်သည့် အဖွဲ့အစည်းက ပစ်ခတ်ခဲ့ကြောင်း မသိရသေးပေ။

ယမန်နေ့ နံနက် ၄ နာရီခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ (ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး၊ မဟာအောင်မြေမြို့နယ် သံလျက်မှော် အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက် ခံခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly