စစ်လက်နက်ပစ္စည်း မှောင်ခိုကူးမည့် သံသယဖြစ်ဖွယ် တရုတ်သူလျှိုကို ဖော်ထုတ်ဖမ်းဆီး

By The Sydney Morning Herald
22 February 2022
စစ်လက်နက်ပစ္စည်း မှောင်ခိုကူးမည့် သံသယဖြစ်ဖွယ် တရုတ်သူလျှိုကို ဖော်ထုတ်ဖမ်းဆီး

သြစတြေးလျရဲတပ်ဖွဲ့သည် ရုရှားမှ တရုတ်နိုင်ငံသို့ စစ်ဘက်ဆိုင်ရာပစ္စည်းများကို တရားမဝင်ကုန်ကူးမည့် ကွင်းစလန်အခြေစိုက် စီးပွားရေးသမား ၂ ဦး၏အကြံအစည်ကိုဟန့်တားနိုင်ခဲ့ပြီး သံသယရှိဖွယ်ရာ တရုတ်ကွန်မြူနစ်ပါတီ၏ သူလျှိူကွန်ရက်သည် တရုတ်သမ္မတရှီကျင့်ဖျင်၏ ဆွေမျိုးတစ်ဦးနှင့် ဆက်နွှယ်နေကြောင်း ထပ်မံစုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။

ဩစတေးလျပါလီမန်သည် ယခုသီတင်းပတ်အတွင်း တရုတ်ဩဇာလွှမ်းမိုးမှုဆိုင်ရာ အငြင်းပွားဖွယ်စွပ်စွဲချက်ကိစ္စများဖြင့် အခြေအနေများရှုပ်ထွေးလျက်ရှိပြီး ဂိုးကို့စ်မြို့မှ တရုတ်နိုင်ငံဖွား စာရင်းကိုင် အသက် ၆၄ နှစ်အရွယ် ကင်ဘိုဝီလီနှင့် ဘရစ်ဘိန်းမြို့မှ ရုရှားနွယ်ဖွား လုပ်ငန်းရှင် အသက် ၆၃ နှစ်အရွယ် အလက်ဇန္ဒားချာတို့ကို သြစတြေးလျ၏ ကာကွယ်ရေးဆိုင်ရာကုန်သွယ်မှုထိန်းချုပ်ရေးအက်ဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲဆိုလိုက်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က ကွင်းစလန်တရားရုံး၌ ကြားနာခဲ့သည်။

သြစတြေးလျလောင်းကစားရုံတစ်ခု၏ အစီအစဉ်ဖြင့် ဂိုးကို့စ်မှ နယူးဇီလန်သို့ပုံမှန်မဟုတ်သည့် သီးသန့် ဂျက်လေယာဉ် ပျံသန်းမှုအား သြစတြေးလျတာဝန်ရှိသူများက ကြားဖြတ်ဟန့်တားခဲ့သည့် ၂၀၁၆ ခုနှစ် ဩဂုတ်လအစောပိုင်းက အဆိုပါကွန်ရက်အဖွဲ့ဝင်များကို သတိပြုမိခဲ့ခြင်းဖြစ်သည်။

လီသည် လေယာဉ်ပေါ်ရှိ ခရီးသည် ၆ ဦးအနက် တစ်ဦးဖြစ်သည်။ ၎င်းတို့ထဲတွင် သမ္မတရှီနှင့် ညီအစ်ကို ဝမ်းကွဲတော်စပ်သူ မင်ချိုင်၊ မဲလ်ဘုန်းမြို့မှ ရာဇဝတ်ဂိုဏ်းအကြီးအကဲလည်းဖြစ် ကာစီနိုလောင်းကစား လုပ်ငန်းရှင်လည်းဖြစ်သည့် Mr Chinatownခေါ် တွမ်ကျိုးနှင့် တရုတ်ထောက်လှမ်းရေးနှင့် ဆက်နွှယ်သည်ဟု သံသယရှိသူ အခြားပုဂ္ဂိုလ်တစ်ဦးလည်း ပါဝင်သည်။

ဘရစ်ဘိန်းမြို့ တရားရုံး၌ ဖေဖော်ဝါရီ ၁၈ ရက်ကပြုလုပ်သည့် ကြားနာပွဲ၌ မစ္စတာလီနှင့် မစ္စတာချာတို့သည် မဲလ်ဘုန်းမှ အခြားသော တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ဟောင်း ဘရိုင်ယန်ချန်နှင့် ပူးပေါင်းခဲ့သည်ဟု စွပ်စွဲခံထားရသည် ။ ဘရိုင်ယန်ချန်သည် ယခုအခါ နိုင်ငံရပ်ခြားတွင် ပုန်းအောင်းနေပြီး အင်တာပိုလ်မှ အလိုရှိနေသူတစ်ဦးဖြစ်သည်။

သူသည် သူလျှိုအဖြစ် ကမ္ဘာပတ်နေသော တရုတ်စစ်ထောက်လှမ်းရေးဖြစ်ကြောင်း ဩစတြေးလျလုံခြုံရေးဆိုင်ရာထောက်လှမ်းရေးအဖွဲ့ (ASIO) ၏ တရားဝင်သတင်းရင်းမြစ်က ဖော်ပြခဲ့သည်။ ချန်သည် ဗစ်တိုးရီးယားပြည်နယ် လစ်ဘရယ်ပါတီဝင်တစ်ဦးဖြစ်သည့် နစ်ခ်ကျောင်းကို ဖက်ဒရယ် ပါလီမန်တွင် သူလျှိုအဖြစ်ထည့်ရန် ကြိုးပမ်းခဲ့ကြောင်း ASIO သတင်းပေးတစ်ဦးက လွန်ခဲ့သည့် ၂ နှစ်က တိုင်ကြားခဲ့သည်။

ASIO အရာရှိများသည် ၂၀၁၉ခုနှစ် မတ်လကမစ္စတာချန်ကို မဲလ်ဘုန်းလေဆိပ်တွင် မေးမြန်း စစ်ဆေးခဲ့သော်လည်း သြစတြေးလျမှ ထွက်ခွာခွင့်ပြုခဲ့သည်။

လီနှင့် မစ္စတာချာတို့သည် ကာကွယ်ရေးပစ္စည်းများကို ထောက်ပံ့ပို့ဆောင်ရာတွင် တရားမဝင်ပွဲစားလုပ်မှုဖြင့် စွပ်စွဲခံထားရခြင်းဖြစ်သည်။

ကွင်းစလန်နှင့်နယူးဆောက်ဝေးပြည်နယ်တို့တွင် ကုမ္ပဏီများစွာကို လည်ပတ်လုပ်ကိုင်နေသော ရုရှားနိုင်ငံမှရွှေ့ပြောင်းအခြေချသူတစ်ဦးဖြစ်သည့်မစ္စတာချာကို စုံထောက်များက ပြီးခဲ့သည့် သီတင်းပတ်က စွဲချက်တင်ခဲ့ပြီး အာမခံဖြင့် လွှတ်ပေးခဲ့သည်။ ချာသည် သြစတြေးလျမှ ထွက်ခွာခွင့်မရဘဲ အာဏာပိုင်များထံ တစ်ပတ်လျှင် နှစ်ကြိမ် သတင်းပို့ရမည်ဖြစ်သည်။

တရားရုံးစာရွက်စာတမ်းများအရ မစ္စတာလီအား စစ်လက်နက်ပစ္စည်းများ မှောင်ခိုကူးရန် ကြံစည်မှုနှင့်စပ်လျဉ်းပြီး ပြီးခဲ့သည့် သီတင်းပတ်က အာမခံဖြင့် လွှတ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly