ကမ္ဘောဒီးယားအစိုးရသည် အင်တာနက်ကို ပိုမိုထိန်းချုပ်ရန် တရုတ်၏ 'Great Firewall' ပုံစံဖြင့် အင်တာနက် လုံခြုံရေးစနစ် gatewayကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်။
အမျိုးသားလုံခြုံရေး၊ အခွန်ကောက်ခံမှု၊ “လူမှုရေးအစီအမံ၊ ယဉ်ကျေးမှုနှင့် အမျိုးသားရေးအစဉ်အလာ” တို့ကို National Internet Gateway (NIG) က အားဖြည့်ပေးမည်ဟု ကမ္ဘောဒီးယားအစိုးရက ပြောကြား သော်လည်း ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် အစိုးရအနေဖြင့် ဆင်ဆာဖြတ်တောက်ရန်နှင့် ပြည်သူများကို ပိုမိုစောင့်ကြည့် နိုင်စေရန် ဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုကြကြောင်း Guardian က သတင်းဖော်ပြခဲ့သည်။
တရုတ်လိုလားသော ဟွန်ဆန်အစိုးရသည် အတိုက်အခံပါတီများကို ပိတ်ပင်ခြင်း၊ ဆန္ဒပြမှုများကို နှိမ်နင်းခြင်း နှင့် အမှီအခိုကင်းသော မီဒီယာများကို ဖျက်သိမ်းခြင်းတို့ကြောင့် အင်တာနက်သည် ကမ္ဘောဒီးယားတွင် အခြေအတင်ငြင်းခုံရန် နောက်ဆုံးဘေးကင်းသော နေရာများထဲမှ နေရာတစ်ခုဖြစ်သည်။
ကုလသမဂ္ဂကျွမ်းကျင်သူများက ဖိနှိပ်ချုပ်ချယ်မှုဟု ရှုတ်ချသည့် National Internet Gateway (NIG) တည်ထောင်ခြင်းနှင့်အတူ အင်တာနက်တွင် နိုင်ငံရေးဗဟုဝါဒအတွက် အခြေအနေ မှေးမှိန်နေသည်။
မကြာမီရက်ပိုင်းအတွင်း ဖော်ဆောင်ပြီးပါက ကမ္ဘောဒီးယားအင်တာနက်ဝန်ဆောင်မှုပေးသူများသည် NIG ဂိတ်ဝ လမ်းကြောင်းမှတစ်ဆင့် သွားရမည်ဖြစ်သည်။
အဆိုပါစနစ်က အွန်လိုင်းဆက်သွယ်မှုများနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များ စုဆောင်းခြင်းကို ကြားဖြတ် လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း လူ့အခွင့်အရေးကျွမ်းကျင်သူများကို ကိုးကား၍ Guardian မှ ဖော်ပြထားသည်။
NIG သည် ကမ္ဘောဒီးယား၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပြင် ချုပ်ဆိုထားသည့် နိုင်ငံတကာ သဘောတူစာချုပ် များကို ချိုးဖောက်နေသည်ဟု ကျွမ်းကျင်သူအချို့က ဆိုသည်။
အခြားသူများကလည်း ယင်းသည် သုံးစွဲသူအတွေ့အကြုံကို ထိခိုက်စေရုံသာမက e-commerce နှင့် အတွင်း ပိုင်းရင်းနှီးမြှုပ်နှံမှုများကိုပါ ထိခိုက်စေမည်ဖြစ်ပြီး အင်တာနက်အမြန်နှုန်းကို နှေးစေမည်ဟု ဆိုသည်။