ပုသိမ်ဆေးရုံကြီးတွင် COVID-19 လူနာ သေဆုံး

ပုသိမ်ဆေးရုံကြီးတွင် COVID-19 လူနာ သေဆုံး

ဖေဖော်ဝါရီလ ၂၂ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ပုသိမ်ဆေးရုံကြီးတွင် COVID-19 ရောဂါပိုး ကူးစက်ခံထားရသည့် အသက် ၆၅ နှစ်အရွယ် အမျိုးသား ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက် မနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း လူမှုကူညီရေး အသင်းဝင်ထံက သိရသည်။

သေဆုံးသူသည် ပုသိမ်မြို့ အမှတ်(၇) ရပ်ကွက်၊ အောင်သိဒ္ဓိ (၁) လမ်းတွင် နေထိုင်သူဖြစ်ပြီး COVID-19 ကူးစက်ခံရ၍ ပုသိမ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

"သေတဲ့သူက အသက်လည်း ကြီးပြီ ရောဂါအခံလည်း ရှိတဲ့သူပါ၊ COVID-19 ပိုး ကူးစက်ခံထားရလို့ ဆေးရုံတက်နေရင်း ဆေးရုံမှာဘဲ ဆုံးသွားတာပါ" ဟု၎င်းက ဆက်ပြောသည်။

ယနေ့ မနက်ပိုင်းတွင် လူမှုကူညီရေးအသင်းများ အကူအညီဖြင့် ရုပ်အလောင်းအား သရောင်းချောင်း သုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့အထိ COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၄၂၇ ဦးနှင့် သေဆုံးသူ နှစ်ဦးရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly