အာဖဂန်တွင် တပ်ဖွဲ့ဝင်တိုးချထားမည်ဟု သြစတြေးလျဝန်ကြီးချုပ်ပြော

အာဖဂန်တွင် တပ်ဖွဲ့ဝင်တိုးချထားမည်ဟု သြစတြေးလျဝန်ကြီးချုပ်ပြော

ဆစ်ဒနီ၊ ဇန်နဝါရီ ၁၈ ။            ။ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်သို့ သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွမ်တန်းဘူးလ် အမှတ်မထင်လာရောက်စဉ်အတွင်း အာဖဂန်ဗဟို အစိုးရကို ထောက်ကူနေသော နေတိုးဦးဆောင်တပ်ဖွဲ့အတွင်းသို့ သြစတြေးလျတပ်ဖွဲ့ဝင် အနည်းငယ်တိုးမြင့်ချထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဇန်နဝါရီ ၁၈ တွင် ကြေညာခဲ့သည်။

၂၀၀၁ ခုနှစ်က အာဖဂန်ကို အမေရိကန်ဦးဆောင်ကျူးကျော်ပြီးနောက် တိုက်ပွဲတွင် ၁၂နှစ်ကျော် ပါဝင်မှုတွင် သြစတြေးလျသည် စစ်သား၄၁ ဦးကို ဆုံးရှုံးခဲ့ပြီးဖြစ်သည်။

ယခုအခါမစ်ရှင်တွင် နောက်ထပ်စစ်သား ၂၀ ပို့ပေးမည်ဟု ဝန်ကြီးချုပ်ကပြောကြာခဲ့ရာ စုစုပေါင်းစစ်သား ၂၇၀အထိရှိလာမည်ဖြစ်သည်။ အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်တို့ကို တိုက်ခိုက်ရေး နောက်ထပ်သြစတြေးလျတပ်ဖွဲ့ဝင်များ စေလွှတ်ရန် အမေရိကန်သမ္မတဘားရက်အိုဘားမား၏ မေတ္တာရပ်ခံချက်ကို လွန်ခဲ့သည့် သီတင်းပတ်က တန်းဘူးလ်က ပယ်ချခဲ့သော်လည်း ယခုအာဖဂန်သို့ စေလွှတ်မည့် ၎င်း၏ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောကြားခဲ့သည်။

"အမှန်ကတော့ ၂၀၁၆မှာ တစ်နေရာနဲ့ တစ်နေရာက အဝေးကြီး မဟုတ်တော့ပါဘူး။ အရင်က ဘယ်အချိန်ထက်မဆို ကမ္ဘာကြီးက သိပ်ကိုအဆက်အသွယ်များပါတယ်။ လုံခြုံရေးက ကမ္ဘာလုံး ဆိုင်ရာပြသနာတစ်ခုဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုဖို့က လုံးဝအရေးကြီးဆုံးပဲ"ဟု တန်ဘူးလ်ကဆိုသည်။

လွန်ခဲ့သည့်နှစ်က ပါတီတစ်ခုအတွင်းအာဏာသိမ်းမှုတွင် ခေါင်းဆောင်နေရာမှ တိုနီအက်ဘော့ကို ထုတ်ပယ်နိုင်ခဲ့သော တန်ဘူးလ်သည် အိုင်အက်စ်၏ အန္တရာယ်ကို အက်ဘော့လောက်ဝေဖန်ပြော ကြားမှု မရှိသူဖြစ်သည်။

အမေရိကန်ထောက်ခံသော အစိုးရတပ်ဖွဲ့ဝင်များနှင့် တာလီဘန်သောင်းကျန်းသူများကြား ၁၅နှစ်နီးပါးကြာ စစ်ပွဲကို အဆုံးသတ်ရေး အုတ်မြစ်ချနိုင်ရေးအတွက် အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ တရုတ်နှင့် အမေရိကန်တို့သည် ဇန်နဝါရီ ၁၈ တွင် ဆွေးနွေးပွဲများပြုလုပ်ရန် စီစဉ်ထားသည်။ တာလီဘန်တပ်ဖွဲ့ဝင်များသည် ကဘူးလ်အစိုးရကို ဖြုတ်ချရန် လွန်ခဲ့သည့်နှစ်က ၎င်းတို့၏စစ်ဆင်ရေးကို မြင့်တင်ခဲ့သည်။

ကဘူးလ်အစိုးရမှာ ၂၀၁၄ခုနှစ်ကုန်က နိုင်ငံခြားတပ်ဖွဲ့ဝင်အများစု ထွက်ခွာကတည်းက ရုန်းကန်နေရသည်။ ထင်ရှားသူများကို အသေခံတိုက်ခိုက်မှုများနှင့် ဟယ်လ်မန်ပြည်နယ်တွင် တာလီဘန်တို့ နယ်မြေသိမ်းပိုက်ရရှိမှုများက အာဖဂန်သည် ငြိမ်းချမ်းရေးနှင့် အလွန်ဝေးနေဆဲဖြစ်ကြောင်း မီးမောင်းထိုးပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly