ပါကစ္စတန်အမျိုးသားလုံခြုံရေးအကြံပေး၏ အာဖဂန်ခရီးစဉ် မျှော်မှန်းသလောက် အကျိုးမရှိ

ပါကစ္စတန်အမျိုးသားလုံခြုံရေးအကြံပေး၏ အာဖဂန်ခရီးစဉ် မျှော်မှန်းသလောက် အကျိုးမရှိ

ပါကစ္စတန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာ မိုအိဒ် ယူဆက်ဖ်၏ အာဖဂန်နစ္စတန်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်သည် ဝန်ကြီးချုပ် အီမရန်ခန်း အစိုးရအတွက် မျှော်မှန်းသလောက် အကျိုးရလဒ်များ ရရှိစေခဲ့ပုံမပေါ်ကြောင်း Portal Plus သတင်းဌာနက ဖော်ပြသည်။

အာဖဂန်နစ္စတန်၏ တာလီဘန်အုပ်ချုပ်သူများသည် ပါကစ္စတန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် လာရောက်သည့် ခရီးစဉ်အတွင်း ပါကစ္စတန်အစိုးရ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းပေးခဲ့ခြင်း မရှိကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြသည်။

ထို့ပြင် ဒေါက်တာ ယူဆက်ဖ်သည် အာဖဂန်နစ္စတန်သို့ ရောက်ရှိခဲ့စဉ် တာလီဘန်ဝန်ကြီးချုပ် မူလာ ဟက်ဆန် အက်ခွန်း၊ ဒုဝန်ကြီးချုပ် မူလာ အဗ္ဗဒူလ် ဂါနီ ဘာရာဒါ တို့နှင့်လည်း တွေ့ဆုံနိုင်ခဲ့ခြင်း မရှိသလို နှစ်ဘက်အကြား တရားဝင်ထုတ်ပြန်သည့် ထုတ်ပြန်ချက်များတွင်လည်း ဒူရန်းမျဉ်း နယ်စပ်ကိစ္စ၊ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုကိစ္စနှင့် စပ်လျဉ်းပြီး တစုံတရာ ထည့်သွင်းဖော်ပြနိုင်ခဲ့ခြင်း မရှိပေ။

ယင်းအတွက်ကြောင့် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်၏ အာဖဂန်ခရီးစဉ်က ပါကစ္စတန်အစိုးရအတွက် လုံခြုံရေးနှင့်ဆက်စပ် ကိစ္စရပ်များပိုင်းနှင့်ပတ်သက်၍ စိတ်ပျက်စရာ ဖြစ်ခဲ့ရသည်။

အာဖဂန်နစ္စတန်၏ နန်ဂါဟာပြည်နယ်နှင့် နယ်စပ်တလျောက်တွင် ပါကစ္စတန်စစ်တပ်၏ သံဆူးကြိုး ခြံစည်းရိုး ကာရံမှုကို တာလီဘန်တို့ဘက်က တားမြစ်ခဲ့ပြီးနောက် ပါကစ္စတန် အမျိုးသားလုံခြုံရေးအကြံပေးက ယခုခရီးစဉ်ကို သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့သည် နှစ်နိုင်ငံအကြား နယ်စပ်အဖြစ် ပိုင်းခြားသတ်မှတ်ထားသည့် ဒူရန်းနယ်နမိတ်စည်းနှင့်ပတ်သက်ပြီး နှစ်များစွာကြာ အငြင်းပွားစရာကိစ္စများ ရှိထားခဲ့သည်။

ဒေါက်တာ မိုအိဒ် ယူဆက်ဖ် ဦးဆောင်သော ပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံခြင်းကိစ္စ၊ လုံခြုံရေးဆိုင်ရာကိစ္စများနှင့် ရှေ့မတိုးနိုင်ဘဲဖြစ်နေသော ပူးတွဲ အခြေခံအဆောက်အအုံ ပရောဂျက်များနှင့် စပ်လျဉ်းပြီး အာဖဂန် အာဏာပိုင်များနှင့် ဆွေးနွေးရန် ပြီးခဲ့သည့်လက ကဘူးလ်ကို သွားရောက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly