နီပေါနိုင်ငံတွင် အမေရိကန် အကူအညီပေး‌ရေး အေဂျင်စီ၏ ပြဿနာ

By Tibet Press
21 February 2022
နီပေါနိုင်ငံတွင် အမေရိကန် အကူအညီပေး‌ရေး အေဂျင်စီ၏ ပြဿနာ

အမေရိကန်အစိုးရ၏ နိုင်ငံခြားအကူအညီပေးရေးအေဂျင်စီ (Millenium Challenge Corporation – MCC) ၏ ထောက်ပံ့မှုကိစ္စသည် မကြာသေးမီက နီပေါနိုင်ငံတွင် လူပြောအများဆုံး အကြောင်းအရာ တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပြီး ထိုပြဿနာသည် လူ့ဘောင်အဖွဲ့အစည်း၊ နိုင်ငံရေးသမားများနှင့် မီဒီယာများကို နှစ်ခြမ်းကွဲသွားစေကာ တိုင်းပြည်တွင်လည်း အုပ်စုများကွဲသွားစေသည်။

ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရန် ရည်ရွယ်သည့် MCC သည် အမေရိကန်နိုင်ငံခြားအကူအညီ အေဂျင်စီတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံတန်ဖိုးရှိ စီမံကိန်းများကို အကောင်အထည်ဖော်ရန် နိုင်ငံပေါင်း ၃၀ နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

သို့သော် အစိုးရအဆက်ဆက်တွင်လွှတ်တော်မှ အတည်ပြုချက် မရယူနိုင်ခဲ့သောကြောင့် MCC ၏ ကံကြမ္မာသည် မရေမရာရှိနေဆဲဖြစ်သည်။

ထိုသဘောတူညီချက်အရ စွမ်းအင်နှင့်လမ်းများကို ဦးစားပေးမည့် စီမံကိန်းများအတွက် နီပေါက ဒေါ်လာ သန်း ၁၃၀ ထည့်ဝင်ကာ အမေရိကန်အစိုးရက ထောက်ပံ့ငွေ ဒေါ်လာ သန်း ၅၀၀ ပေးရန် သဘောတူညီထားသည်။ ဤသည်မှာ နီပေါနိုင်ငံရရှိဖူးသမျှထဲတွင် အကြီးမားဆုံး ထောက်ပံ့ကြေး ဖြစ်သည်။

နီပေါ၏ ရင်းနှီးသောအိမ်နီးချင်းတရုတ်နိုင်ငံကို တန်ပြန်ရန် ရည်ရွယ်သော MCC သည် စစ်ဘက်ဆိုင်ရာကဏ္ဍများပါဝင်သည့် အမေရိကန်၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက စောဒကတက်လာသောကြောင့် အငြင်းအခုံများဖြစ်ပေါ်လာသည်။

MCC စီမံကိန်းသည် ဓာတ်အားလိုင်းများတည်ဆောက်ရန်နှင့် လမ်းများတိုးတက်ကောင်းမွန်လာစေရန် ကူညီပေးခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်ထားပြီး စစ်ဘက်ကဏ္ဍများမပါဝင်ကြောင်း အမေရိကန်အစိုးရကပြောသည်။

နီပေါအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အစီအစဉ်ကို လက်မခံပါက အမေရိကန်သည် ဟိမဝန္တာနိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်မည်ဖြစ်ကာ နောက်ကွယ်၌ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများ ရှိနေမည်ဟု ယူဆမည်ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ ၂၈ ရက်အမီ MCC ကပေးအပ်သည့် အကူအညီကို အတည်ပြုလက်မှတ်ရေးထိုးရန် နီပေါအား တိုက်တွန်းထားသည်။

အကူအညီကိုပယ်ချမည်ဆိုပါက အမေရိကန်သည် နီပေါနိုင်ငံတွင်းမှ တစ်စိတ်တစ်ပိုင်း ဆုတ်ခွါမှု ဖြစ်ပေါ်စေနိုင်ပြီး အမေရိကန်နှင့်ရင်းနှီးသော ယူကေ၊ အစ္စရေး၊ အီးယူ၊ ဆွစ်ဇာလန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ ပင်လယ်ကွေ့ ကဲ့သို့သောနိုင်ငံများသည်လည်း ၎င်းနိုင်ငံအတွင်းသို့ ခြေချမှု လျော့နည်းသွားစေနိုင်သလို နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ အမြောက်အမြား ဆုံးရှုံးစေနိုင်ကြောင်း လေ့လာဆန်းစစ်သူများက သုံးသပ်ကြသည်။အကျိုးဆက်အနေဖြင့် အထက်ဖော်ပြပါနိုင်ငံများတွင် အလုပ်အကိုင်၊ အမြဲတမ်းနေထိုင်ခွင့်နှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများရှာဖွေသော သာမန်နီပေါပြည်သူများကိုလည်း ထိခိုက်စေမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly