Starbucks က တရုတ် ရဲများကို နှင်ထုတ်ခဲ့သဖြင့် လူမှုမီဒီယာတွင် ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ

Starbucks က တရုတ် ရဲများကို နှင်ထုတ်ခဲ့သဖြင့် လူမှုမီဒီယာတွင် ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံချင်းမြို့ရှိ Starbucks ဆိုင်တစ်ဆိုင်မှ ဝန်ထမ်းများက အစား အသောက်များကို ဆိုင်တံခါးဝသို့ သွားရောက်စားသုံးသော ဒေသခံရဲများကို နှင်ထုတ်လိုက်ခြင်းအပေါ် တရုတ် လူမှုမီဒီယာအသုံးပြုသူများက ပြင်းထန်စွာ ဝေဖန်တုံ့ပြန်ခဲ့ကြသဖြင့် လုပ်ငန်းအပေါ် ထိခိုက်စေခဲ့သည်။

ပြောဆိုဆက်ဆံရေးတွင် နားလည်မှုလွဲမှားခဲ့ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၄ရက်တွင် Starbucks ၏ Weibo အကောင့်မှ အမေရိကန်ကုမ္ပဏီက တောင်းပန်ခဲ့သော်လည်း "ရဲများကို ထွက်သွားစေရန်" နှင့် "ရဲများကို ပြစ်တင်ပြောဆိုခဲ့သည်” ဆိုသော လူမှု မီဒီယာပေါ်မှ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

ချုံချင်းမြို့ ရှာပန်ဒါခရိုင်ရှိ ရှေးဟောင်းမြို့ဖြစ်သော စီချီခိုတွင်ရှိသော ဆိုင်မှ Starbucks ဝန်ထမ်းများက တံခါးသို့ သွားကာ အစားအသောက်စားနေသော တာဝန်ကျရဲများကို ဆိုင်၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင်ကြောင်းနှင့် အခြားနေရာတွင် စားရန် ပြောဆိုခဲ့ကြောင်း ဖေဖော်ဝါရီ ၁၃ရက်တွင် Weibo ဘလော့ဂါတစ်ဦးက ဓာတ်ပုံတစ်ပုံနှင့်အတူ ရေးသားဖော်ပြထားသည်။

" ဖေဖော်ဝါရီလ ၁၃ရက် ညနေ ၅ နာရီလောက်မှာ ရဲ ၄ ယောက်က ဆိုင်ကိုလာပြီးတော့ အပြင်ဘက်မှာ စားနေ ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ စားသုံးသူတစ်ချို့ကလဲ အပြင်မှာစားချင်တယ်လို့ ပြောလာပါတယ်။ ဝန်ထမ်းတွေနဲ့ ရဲတွေ ထိုင်ခုံကိစ္စ ညှိနှိုင်းတဲ့အခါ 'မလျော်ကန်တဲ့ အသုံးအနှုန်းတွေကြောင့် ဆက်ဆံရေး ပိုင်းမှာ' အထင်အမြင်လွဲမှားမှုတွေ ရှိခဲ့ပါတယ်။” ဟု Starbucks China က Weibo မှာ ရေးသားဖော်ပြထားသည်။

အဆိုပါ ဓာတ်ပုံသည် တရုတ်လူမှုကွန်ရက်ပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီးနောက် Starbucks သည် မောက်မာလွန်းသည်ဟု သုံးစွဲသူအများအပြားက ဒေါသ ထွက်ခဲ့ကြပြီး အချို့က ကော်ဖီဆိုင်ကို သပိတ်မှောက်ရန် တောင်းဆိုနေကြသည်။

“ရဲတွေက စားဖို့နေရာတစ်ခု ယူလိုက်တာပါ၊ ဒါက Starbucks ရဲ့ ပုံရိပ်ကို ဘယ်လို ထိခိုက်စေနိုင်လို့လဲ။ ဆိုင်ကနေ ရဲတွေကို မောင်းထုတ်တာက Starbucks ရဲ့ ပုံရိပ်ကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ကော်ဖီဆိုင်တွေ အများကြီးမို့ Starbucks မှာ သောက်စရာ မလိုပါဘူး"ဟု စားသုံးသူ တစ်ဦးက ပြောကြားခဲ့သည်။

ရဲများသည် ထမင်းစားနေစဉ် အမှိုက်များကို သန့်ရှင်းရေးသွားသောကြောင့် ဆိုင်တံခါးဝသန့်ရှင်းရေးကို ထိခိုက်မှု မရှိခဲ့သော်လည်း Starbucks ဝန်ထမ်းများက ထွက်ခွာရန် တောင်းဆိုနေဆဲဖြစ်ကြောင်း အွန်လိုင်းပေါ်သို့ ရောက်ရှိလာသည့် အခြား ဓာတ်ပုံတစ်ခုတွင် ဖော်ပြထားသည်။

Starbucks ၏ စားသုံးသူဝန်ဆောင်မှုဌာနမှ ဝန်ထမ်းတစ်ဦးက ကုမ္ပဏီသည် အဆိုပါကိစ္စအား ဆိုင်နှင့် မေးမြန်း စစ်ဆေးနေကြောင်း ဖေဖော်ဝါရီလ ၁၄ရက်တွင် တုံ့ပြန်ခဲ့ပြီး မှန်ကန်ပါက ဆိုင်တံခါးဝတွင် မစားရဟူသော စည်းမျဉ်းမရှိခြင်းကြောင့် ပါဝင်သည့်ဝန်ထမ်းအား ပြစ်ဒဏ်ပေးမည်ဟု ပြောကြားထားသည်။

အမေရိကန်ကော်ဖီဆိုင်ဖြစ်သည့် Starbucks သည် လက်ရှိတွင် တရုတ်မြို့ပေါင်း ၂၀ဝ ကျော်၌ ဆိုင်ခွဲပေါင်း ၅၄၀ဝကျော် ဖွင့်လှစ်ထားကြောင်း ယင်း၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly