ရန်ကုန်မြို့တွင် ကားပါကင် ခွင့်ပြုမိန့် ဆက်လက်ဆောင်ရွက်မည်

ရန်ကုန်မြို့တွင် ကားပါကင် ခွင့်ပြုမိန့် ဆက်လက်ဆောင်ရွက်မည်
ရန်ကုန်မြို့ရွှေတိဂုံဘုရားလမ်းရှိ မော်တော်ယာဉ်များ သွားလာနေသည်ကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်

နေပြည်တော်၊ ဇန်နဝါရီ ၁၈ ။               ။ မော်တော်ယာဉ် ဝယ်ယူအသုံးပြုသူတစ်ဦး အနေဖြင့် မိမိပိုင်ဆိုင်သည့် ဧရိယာအတွင်းယာဉ်ထားရှိရန် နေရာရှိမှသာ ကားဝယ်ယူသင့်တာကြောင့် ကားပါကင် ခွင့်ပြုမိန့်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်ဆန်း က ပြောကြားသည်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကားပါကင်ခွင့်ပြုမိန့် ထုတ်ပေးခြင်းဆိုင်ရာ ခရိုင်၊ မြို့နယ် စိစစ်ရေးအဖွဲ့များသို့ တင်းကြပ်စွာ ထိန်းကွပ် ဆောင်ရွက်လျက်ရှိပါတယ်၊ ကားပါကင် လျောက်ထားလို့ အခကြေးငွေ တောင်းခံမူများရှိပါက ထိရောက်စွာ အရေးယူမှာ ဖြစ်ပါတယ်" ဟု ဇန်နဝါရီလ ၁၈ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒုတိယဝန်ကြီးပွင့်ဆန်းက ပြောကြားခဲ့သည်။

လက်ရှိ ကြုံတွေ့နေသည့် ယာဉ်ကြောပိတ်ဆို့မှုနှင့် ရန်ကုန်စည်ပင်ယာသာရေးကော်မတီ လမ်းမများတွင် ညအိပ်ရပ်နားခြင်းများ ဖြေရှင်းနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်လိပ်စာဖြင့် လူတစ်ဦးခြင်း ကားဝယ်ယူတင်သွင်းခြင်း၊ ကုမ္ပဏီများမှ ကားယူတင်သွင်းခြင်းများအတွက် ကားပါကင် ခွင့်ပြုမိန့် ပါရှိမှသာ ကားတင်သွင်းရန်၂၀၁၅ခုနှစ် ဇန်နဝါရီ ၁ရက်တွင် စတင်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အတွက် ကားပါကင် ခွင့်ပြုမိန့်များ လျောက်ထားရာ၌ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများ၊ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများတွင် စတင်လျေက်ထား ရမည်ဖြစ်ကြောင်းနှင့် ယင်းခွင့်ပြုမိန့်ရဖို့အတွက် အချိန်နှစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်းလည်း ဒုတိယဝန်ကြီးဦးပွင့်ဆန်းက ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

လျောက်လွှာများကို မြို့နယ်စိစစ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေး၍ အပတ်စဉ် တနင်္လာနေ့တိုင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြခြင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ထပ်ဆင့်၍ အပတ်စဉ် အင်္ဂါနေ့တိုင်း တိုင်းဒေသကြီး ကားပါကင် စိစစ်ရေး အဖွဲ့သို့ တင်ပြပြီး တိုင်းဒေသကြီး ကားပါကင် စိစစ်ရေးအဖွဲ့မှ စိစစ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ (Cabinet) အစည်းအဝေးသို့ တင်ပြအတည်ပြုချက်ရယူ၍ မော်တော်ယာဉ် တင်သွင်းခွင့်ကြီးကြပ်ရေးကော်မတီသို့ အပတ်စဉ် ခွင့်ပြုမိန့်များ ပေးပို့လျက်ရှိကြောင်း ဒုတိယဝန်ကြီးဦးပွင့်ဆန်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly