ပျောက်ဆုံးနေသည့် ဟောင်ကောင်ထုတ်ဝေသူ တရုတ်နိုင်ငံပိုင်ရုပ်သံတွင် ပေါ်လာ

ပျောက်ဆုံးနေသည့် ဟောင်ကောင်ထုတ်ဝေသူ တရုတ်နိုင်ငံပိုင်ရုပ်သံတွင် ပေါ်လာ

ပေကျင်း၊ ဇန်နဝါရီ ၁၈ ။           ။ လွန်ခဲ့သည့်နှစ် အောက်တိုဘာလက ပျောက်ဆုံးသွားခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည့် ဟောင်ကောင်ထုတ်ဝေသူတစ်ဦးသည် တရုတ်နိုင်ငံပိုင်ရုပ်သံတွင် ပေါ်လာခဲ့ပြီး ၎င်း၏ဆန္ဒအလျောက် အာဏာပိုင်များထံ အဖမ်းခံခဲ့သည်ဟု ပြောကြားခဲ့သည်။

မူးပြီးမောင်းခြင်းအတွက် ပြစ်ဒဏ်ခံခြင်းမှ ၁၂ နှစ်ကြာ တိမ်းရှောင်ပြီးနောက် ၎င်းကိုယ်တိုင်ဆန္ဒအလျောက်အဖမ်းခံလိုက်ခြင်း ဖြစ်ကြောင်း ကွေ့မင်ဟယ်က ပြောကြားခဲ့သည်။ ဆွီဒင်နိုင်ငံသား တစ်ဦးဖြစ်သော မစ္စတာကွေ့သည် မကြာသေးမီက ပျောက်ဆုံးသွားခဲ့သော ဟောင်ကောင်စာအုပ်ရောင်းသူ ငါးဦးထဲမှ တစ်ဦးဖြစ်သည်။

၎င်းတို့ငါးဦးမှာ တရုတ်ပြည်မကြီးကို ဝေဖန်သော စာအုပ်တစ်အုပ်ကြောင့် တရုတ်က ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ဟောင်ကောင်ရှိ ဒေသခံအချို့က စွပ်စွဲလျက်ရှိသည်။

၎င်းတို့ပျောက်ဆုံးမှုနှင့် ပတ်သက်၍ လွန်ခဲ့သည့် သီတင်းပတ်က ဟောင်ကောင်ရှိ ဆန္ဒပြလူစုလူဝေးများတွင် လူထောင်ပေါင်းများစွာ ပါဝင်ခဲ့သည်။ ယင်းသို့ပျောက်ဆုံးမှုက လွတ်လပ်မှုကို ဖျက်ဆီးခြင်းဖြစ်သည်ဟု ဆန္ဒပြသူများကဆိုသည်။

တရုတ်နိုင်ငံပိုင် သတင်းအေဂျင်စီ ရှင်ဟွာကမူ အသက် ၅၁ နှစ်အရွယ်ရှိ မစ္စတာကွေ့သည် အရှေ့ပိုင်းရှိ နင်ဘိုမြို့တွင် လူသေဆုံးမှုရှိသော ကားမတော်တဆမှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး ယင်းမတော်တဆမှုတွင် ကောလိပ်ကျောင်းသူတစ်ဦး သေဆုံးခဲ့သည်ဟု အစီရင်ခံခဲ့သည်။ ရွှေ့ဆိုင်းထောင်ဒဏ်နှစ်နှစ်ချမှတ်ခံထားရစဉ် ကွေ့သည် ထွက်ပြေးခဲ့သည်ဆိုသည်။

"တရားရေးအရ တာဝန်ရှိမှုတွေကို ကျနော် ခံယူသွားမှာပါ။ ဘယ်လိုအပြစ်ပေးမှုကိုမဆို လက်ခံဖို့ ကျနော်လိုလားပါတယ်"ဟု ကွေ့၏ပြောကြားချက်ကို ရှင်ဟွာအားကိုးကား၍ စီစီတီဗွီရုပ်သံက အစီအရင်ခံခဲ့သည်။

မစ္စတာကွေ့သည် ဟောင်ကောင်ရှိ Mighty Current စာအုပ်ထုတ်ဝေရေးတိုက်၏ ပိုင်ရှင်လည်းဖြစ်သည်။ ၎င်းသည် အောက်တိုဘာလက ထိုင်းနိုင်ငံသို့ အားလပ်ရက်ခရီး ထွက်ရာမှ ပြန်မလာခဲ့သူဖြစ် သည်။

တရုတ်သမ္မတ၏ ကိုယ်ပိုင်ဘဝအကြောင်း မထုတ်ဝေရသေးသည့် စာအုပ်တစ်အုပ်ကြောင့် ၎င်းအား တရုတ်သို့ တရားမဝင်ပို့ခံရခြင်းဖြစ်သည်ဟု လှုပ်ရှားတက် ကြွသူများက ယုံကြည်ကြသည်။

ပျောက်ဆုံးခဲ့သော လူငါးဦးသည် Mighty Current အတွက် သို့မဟုတ်  Causeway Bay Books ဟုခေါ်ဆိုသည့် ၎င်းတို့ပိုင် စာအုပ်ဆိုင်လေးတစ်ခုအတွက် အလုပ်လုပ်ကြသည်။ စာအုပ်ဆိုင်သည် တရုတ်ပြည်မကြီးတွင် ပိတ်ပင်သော တရုတ်နိုင်ငံကို ဝေဖန်သည့် စာပေလက်ရာများရောင်းချသည်ဟု လူသိများသည်။

မှတ်တမ်းတင်ထားသော အင်တာဗျူးတွင် အမှုတွင် ဆွီဒင်အာဏာပိုင်များပတ်သက်မှုမရှိရန် မစ္စတာကွေ့ကတောင်းဆိုခဲ့သည်။ "ကျွန်တော်ဟာ ဆွီဒင်နိုင်ငံသားဖြစ်ပေမဲ့ တရုတ်တစ်ယောက်လို့ခံစားနေ တုံးပါ။ ကျွန်တော့်ရဲ့ဇစ်မြစ်က တရုတ်မှာပဲရှိပါသေးတယ်။ ဒါ့ကြောင့် ဆွီဒင်နိုင်ငံဘက်က ကျွန်တော်ရဲ့ရွေးချယ်မှု၊ အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို လေးစားပြီး ကျွန်တော့်ရဲ့ကိုယ်ပိုင်ပြသနာတွေကို ကျွန်တော်ဘာသာ ဖြေရှင်းခွင့်ပေးလိုက်မယ်လို့ မျှောလင့်ပါတယ်"ဟု၎င်းကပြောကြားခဲ့သည်။

သတင်းထွက်ပေါ်မှုများကို သိရှိခဲ့သော်လည်း သုံးသပ်ချက်ပေးမည်မဟုတ်ဘဲ တရုတ်၏ရှင်းလင်ချက်ကို တောင်းဆိုမည်ဟု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရအမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

လွန်ခဲ့သည့်တနင်္ဂနွေက ထောင်ပေါင်းများစွာသော ဆန့်ကျင်ဆန္ဒပြသူများသည် ဟောင်ကောင်ရှိ ပေကျင်းကိုယ်စားလှယ်ရုံးများသို့ ချီတက်ခဲ့ကြပြီး နိုင်ငံရေးပြန်ပေးဆွဲမှုအလိုမရှိဟု အော်ဟစ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly