ရေဖြူမြို့နယ်တွင် စစ်ကောင်စီ ကြို/ပို့ ယာဉ် မိုင်းဆွဲ တိုက်ခိုက်ခံရ

By ကိုရွှေမြိတ်
21 February 2022
ရေဖြူမြို့နယ်တွင် စစ်ကောင်စီ ကြို/ပို့ ယာဉ် မိုင်းဆွဲ တိုက်ခိုက်ခံရ

ဖေဖော်ဝါရီ ၂၁

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အနောက်ဘက်ကမ်း လမ်းပိုင်း၌ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၈ နာရီခွဲတွင် ကျောင်း ကြို/ပို့ သည့် စစ်ကောင်စီယာဉ်ကို နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ LPDF က ထုတ်ပြန်သည်။

ကျောင်း ကြို/ပို့ ပြန်လာသည့် စစ်ကောင်စီ တပ်သား ခြောက်ဦးပါ ယာဉ်ကို Launglone People Defence Force (LPDF) နှင့် Dawei Guerrilla Revolutionary Force (DGRF) တို့ ပူးပေါင်းပြီး ရေဖြူတံတား အနီး နှစ်ကြိမ် မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းစစ်ကောင်စီယာဉ်သည် ကျောက်ကညာ တပ်ရင်းမှ စစ်တပ် မိသားစု ကျောင်းသားများအား ကျောင်း ကြို/ပို့ နေသည့်ယာဉ် ဖြစ်ပြီး ကျောင်းပို့အပြန် စစ်ကောင်စီ တပ်သား ခြောက်ဦး လိုက်ပါလာစဉ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်ဟု Dawei Guerrilla Revolutionary Force (DGRF) အဖွဲ့ထံမှ သိရသည်။

မိုင်းဆွဲ တိုက်ခိုက် ခံရသည့် ရေဖြူတံတား အနီးတွင် စစ်ကောင်စီတပ် အင်အား အပြည့် ကားသုံးစီး ရောက်ရှိလာပြီး ဂိတ်ချ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယခု မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံး ထိခိုက် ဒဏ်ရာရမှု အသေးစိတ်ကိုမူ မသိရှိရသေးပေ။

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required