ဂျပန်တွင် ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ရထား စမ်းသပ်ပြေးဆွဲမည်

ဂျပန်တွင် ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ရထား စမ်းသပ်ပြေးဆွဲမည်

ဖေဖေါ်ဝါရီ ၂၁

ဂျပန်နိုင်ငံ၏ အကြီးဆုံး မီးရထားကုမ္ပဏီသည် နိုင်ငံတွင် ပထမဆုံးသော ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ရထားကို ရှေ့လထဲတွင် စတင်စမ်းသပ်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

ယင်းသည် လာမည့် ၂၀၅၀ ပြည့်နှစ်ထက်နောက်မကျဘဲ ကာဘွန်ထုတ်လွှတ်မှုကင်းမဲ့စေရေး နိုင်ငံ၏ ရည်မှန်းချက်ဆီ ရှေ့တစ်လှမ်း တက်လှမ်းမှုလည်း ဖြစ်သည်။

“Hybari” အမည်ရ ရထားတွဲနှစ်စီးသည် ထုတ်လုပ်မှု ကုန်ကျစရိတ် ယန်း ၄ ဘီလီယံ (စင်္ကာပူဒေါ်လာ ၄၆ ဒသမ ၇၈ သန်း) ခန့် ရှိပြီး ဟိုက်ဒရိုဂျင် တစ်ကြိမ်ဖြည့်ထားပါက အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၁၀၀ ကီလိုမီတာနှုန်းဖြင့် အကွာအဝေး ကီလိုမီတာ ၁၄၀ အထိ သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို ဟိုက်ဒရိုဂျင်ရထားကို East Japan Railway Co ကုမ္ပဏီက Toyota Motor Corp ၊ Hitachi Ltd တို့နှင့် ပူးပေါင်းထုတ်လုပ်ထားခြင်း ဖြစ်ပြီး ယင်းရထားများကို ဒီဇယ်အင်ဂျင်သုံး ရထားများနေရာတွင် အစားထိုး အသုံးပြုရန် စီစဉ်နေသလို ယင်းတို့ကို ပြည်ပဈေးကွက်များသို့ပါ တင်ပို့နိုင်ရန် ရည်မှန်းထားသည်။

ထို ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ရထားများဖြင့် စီးပွားဖြစ် ပြေးဆွဲသည့် ဝန်ဆောင်မှုများကို ၂၀၃၀ ခန့်တွင် စတင်သွားနိုင်သည်။

ဂျပန်အစိုးရသည် ကာဘွန်ထုတ်လွှတ်မှု ကင်းစင်မှု ရည်မှန်းချက် ရောက်ရှိစေရန် ဟိုက်ဒရိုဂျင်ကို အဓိကကျသည့် သန့်ရှင်းစွမ်းအင် ရင်းမြစ်အဖြစ် ထုတ်ဖော်ထားသည်။

Toyota သည် ဟိုက်ဒရိုဂျင်လောင်စာသုံး Mirai ကားများ၏ ဒုတိယမျိုးဆက် မော်ဒယ်တွင် ထုတ်လုပ်မှုကို ဆယ်ဆ တိုးမြှင့်ရန် ရည်မှန်းနေသလို ဟိုက်ဒရိုဂျင်လောင်စာသုံး ဘတ်စ်ကားများနှင့် ကော်မာရှယ်ကားများသည်လည်း လမ်းပေါ်တွင် ရောက်ရှိနေပြီဖြစ်သည်။

ဂျပန်အစိုးရသည် ဟိုက်ဒရိုဂျင် အသုံးပြုမှုပမာဏကို ၂၀၅၀ မတိုင်မီ တန်ချိန် သန်း ၂၀ အထိ တိုးမြှင့်ရန် ရည်ရွယ်ထားသည်။ ပြောထားသလို Iwatani Corp နှင့် Kawasaki Heavy Industries Ltd တို့ကဲ့သို့သော စွမ်းအင်ကုမ္ပဏီများကလည်း ယင်း၏ ဈေးနှုန်းလျော့ကျစေရန်အတွက် ဟိုက်ဒရိုဂျင် supply chains များ ထူထောင်ရန် ကြိုးပမ်းလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly