နောက်ခံလူ စကာတယ်လ်ကို သုံးနှစ်သက်တမ်းတိုးရန် လီဗာပူးလ်အသင်း သဘောတူညီမှု ရရှိ

နောက်ခံလူ စကာတယ်လ်ကို သုံးနှစ်သက်တမ်းတိုးရန် လီဗာပူးလ်အသင်း သဘောတူညီမှု ရရှိ

အင်္ဂလန်၊ ဇွန် ၁၉။ ။ လီဗာပူးလ်အသင်းသည် အသင်း၏အဓိက နောက်ခံကစားသမား မာတင်စကာတယ်လ်ကို သုံးနှစ်စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်သည်။

စကာတယ်လ်သည် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ရန် အခွင့်အရေးရခဲ့သော်လည်း လီဗာပူးလ်အသင်းတွင်သာ ဆက်လက်ကစားရန် ရွေးချယ်ခဲ့ပြီး အားလပ်ရက်အပန်းဖြေရာမှ ပြန်လည်ရောက်ရှိလျှင် စာချုပ်သစ် ချုပ်ဆိုမည် ဖြစ်သည်။

ဆလိုဗက်ကီးယားလက်ရွေးစင် စကာတယ်လ်သည် ၂၀၀၈ ခုနှစ်က ဇင်းနစ်အသင်းမှ လီဗာပူးလ်အသင်းသို့ ရောက်ရှိခဲ့သူ ဖြစ်ပြီး ၎င်း၏ လက်ရှိစာချုပ်မှာ ၁၂ လသာ ကျန်ရှိတော့သည့်အတွက် စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။

စကာတယ်လ်၏အေးဂျင့်ဖြစ်သူ ကာရိုးလ်စီဆွန်တိုက 'အင်တာမီလန်က စကာတယ်လ်ကို စိတ်ဝင်စားခဲ့တယ်ဆိုတာ ကောလာဟလသတင်းမဟုတ်ပါဘူး။ စာချုပ်သစ်အတွက် မဆွေးနွေးမီ သူတို့ဘက်က ဆက်သွယ်ခဲ့တာပါ။ စကာတယ်လ်က သူ့ရဲ့အနာဂတ်အတွက် စဉ်းစားခဲ့ပြီး နောက်ဆုံးမှာ လီဗာပူးလ်အသင်းကို ရွေးချယ်ခဲ့တာပါ' ဟု ပြောသည်။
လီဗာပူးလ်အသင်းသည် ယခုအချိန်တွင် ဂျိမ်းစ်မီလ်နာ၊ ဒန်နီအင့်စ်၊ အဒမ်ဘော့ဒန်တို့ကို ခေါ်ယူထားပြီး ချာလ်တန်မှ လူငယ်နောက်ခံကစားသမားဂျိုးဂိုမက်ဇ်ကိုလည်းခေါ်ယူရန် ဆေးစစ်နေပြီ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly