ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားကို ဘရာဇီးနဲ့ ဆားဘီးယားတို့ ဗိုလ်လုမည်

ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားကို ဘရာဇီးနဲ့ ဆားဘီးယားတို့ ဗိုလ်လုမည်

နယူးဇီလန်၊ ဇွန် ၁၇။ ။ နယူးဇီလန်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်ကို လာမည့် စနေနေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ဘရာဇီးအသင်းနှင့် ဆားဘီးယားအသင်းတို့က ယှဉ်ပြိုင်ဗိုလ်လုကြမည် ဖြစ်သည်။

ဘရာဇီးအသင်းသည် အုပ်စု(E)တွင် ပါဝင်ခဲ့ပြီး နိုက်ဂျီးရီးယား၊ ဟန်ဂေရီနှင့် မြောက်ကိုရီးယားတို့ကို သုံးပွဲစလုံးနိုင်ကာ ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ထို့နောက် ဥရုဂွေး၊ ပေါ်တူဂီနှင့် ဆီနီဂေါအသင်းတို့ကို အဆင့်ဆင့် ဖြတ်ကျော်ကာ ဗိုလ်လုပွဲသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ဘရာဇီးအသင်းသည် ဥရုဂွေးနှင့်ယှဉ်ပြိုင်ခဲ့သော ရှုံးထွက်ပွဲစဉ်၊ ပေါ်တူဂီနှင့်ယှဉ်ပြိုင်ခဲ့သော ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ရုန်းကန်ခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်များဖြင့် တက်ရောက်လာခြင်း ဖြစ်သည်။

ဆီနီဂေါအသင်းနှင့်တွေ့ဆုံခဲ့သည့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင်မူ ခြေစွမ်းပြကာ ၅-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး ဗိုလ်လုပွဲသို့  ကိုးကြိမ်မြောက် တက်ရောက်လာခြင်း ဖြစ်သည်။

ဆားဘီးယားအသင်းမှာမူ အုပ်စု(D)တွင် ပါဝင်ခဲ့ပြီး မာလီနှင့် မက္ကဆီကိုအသင်းတို့ကိုနိုင်၊ ဥရုဂွေးကို ရှုံးပြီး ရမှတ် ၆ မှတ်၊ အုပ်စုဗိုလ်ဖြင့် နောက်တစ်ဆင့် တက်လာခဲ့ခြင်း ဖြစ်သည်။ ၁၆ သင်းရှုံးထွက်အဆင့်တွင် ဟန်ဂေရီကို အချိန်ပိုတွင် ၂-၁ ဖြင့်နိုင်ကာ ကွာတားသို့ ရောက်ရှိခဲ့သည်။

ကွာတားဖိုင်နယ်တွင် အမေရိကန်နှင့်တွေ့ဆုံခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဆီမီးသို့ တက်ရောက်ခဲ့သည်။ ဆီမီးတွင် အုပ်စုတွင်းမှ မာလီနှင့် ပြန်လည်တွေ့ဆုံခဲ့ပြီး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရသည်။ ပွဲချိန် မိနစ် ၉၀ အတွင်း ၁-၁ ဂိုးဖြင့် သရေကျနေသည့်အတွက် အချိန်ပိုဆက်လက်ကစားခဲ့ရာတွင် ၂-၁ ဂိုးဖြင့် နိုင်ခဲ့ခြင်း ဖြစ်သည်။

ဆားဘီးယားအသင်းသည် ယူဂိုဆလားဗီးယား ယူ-၂၀ အသင်း၊ ဆာဘီးယားနှင့်မွန်တီနီဂရိုး ယူ-၂၀ အသင်းတို့မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ဆားဘီးယား ယူ-၂၀ အသင်းအနေဖြင့် ပထမဆုံးအကြိမ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်း ဖြစ်သည်။

ဘရာဇီးအသင်းသည် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ငါးကြိမ်ဗိုလ်စွဲထားပြီး ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။ ယခုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပါက အာဂျင်တီးနားအသင်းနှင့် အကြိမ်အရေအတွက် တူညီသွားမည် ဖြစ်ပြီး ဒုတိယသုံးကြိမ် ရထားသည့်အတွက် အအောင်မြင်ဆုံးအသင်းဖြစ်လာမည် ဖြစ်သည်။

လာမည့် ဇွန်လ ၂၀ ရက်နေ့ နံနက် ၈ နာရီတွင် ဆီနီဂေါနှင့် မာလီအသင်းတို့သည် တတိယနေရာလုပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး နံနက် ၁၁ နာရီခွဲတွင် ဘရာဇီးနှင့် ဆားဘီးယားတို့၏ ဗိုလ်လုပွဲ ကစားမည် ဖြစ်သည်။

လက်ရှိအချိန်တွင် ဟန်ဂေရီတိုက်စစ်မှူး မာဗိုနှင့် ယူကရိန်းတိုက်စစ်မှူး ကိုဗာလန်ကိုတို့က သွင်းဂိုးငါးဂိုးစီဖြင့် ဂိုးသွင်းအများဆုံးကစားသမားများအဖြစ် ရပ်တည်နေကြသည်။

ရည်ညွှန်း ဝီကီပီးဒီးယား၊ ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly