အင်္ဂလန်၊ ဇွန် ၁၇။ ။ ၂၀၁၅-၁၆ ရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ် အချိန်ဇယားများထွက်ပေါ်လာပြီ ဖြစ်သည်။ လက်ရှိချန်ပီယံချယ်လ်ဆီးအသင်း သည် ပထမဆုံးအဖွင့်ပွဲစဉ်တွင် ဆွမ်ဆီးအသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်တွင် ဧည့်ခံကစားရမည် ဖြစ်ပြီး ဒုတိယရခဲ့သည့် မန်စီးတီးအသင်းမှာ ဝက်စ်ဘရွန်းကွင်းတွင် သွားရောက်ကစားရမည် ဖြစ်သည်။
အသင်းကြီးများထဲတွင် မန်ယူအသင်းမှာ ပွဲကျပ်လျက်ရှိပြီး အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်ကွင်းတွင် စပါးအသင်းကို ဧည့်ခံရမည် ဖြစ်သည်။ လီဗာပူးလ်အသင်းမှာ ပြီးခဲ့သည့်ရာသီနောက်ဆုံးပိတ် ပွဲစဉ်တွင် ၆-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရသည့် စတုခ်စီးတီးအသင်းနှင့် ဘရစ်တန်နီးယားကွင်းတွင် သွားရောက်ရင်ဆိုင်ရမည် ဖြစ်သည်။
အာဆင်နယ်အသင်းမှာ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမည် ဖြစ်ပြီး ပထမဆုံးပွဲမှာပင် လန်ဒန်ဒါဘီပွဲစဉ်ကို နွှဲရမည် ဖြစ်သည်။
တန်းတက်အသင်းသုံးသင်းတွင် ဘုန်းမောက်အသင်းမှာ ဗီလာအသင်းနှင့် အိမ်ကွင်းတွင်လည်းကောင်း၊ ဝက်ဖို့ဒ်အသင်းမှာ အဲဗာတန်အသင်းနှင့် အဝေးကွင်းတွင်လည်းကောင်း၊ နောဝှစ်ချ်အသင်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် အိမ်ကွင်းတွင် လည်းကောင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။
လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းသည် ပွဲကျပ်အဖြစ် ဒုတိယပွဲစဉ်တွင် မန်စီးတီးနှင့် သြဂုတ်လ ၁၅ ရက်နေ့မှာပင် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး စက်တင်ဘာ ၁၉ တွင် အာဆင်နယ်(အိမ်)၊ အောက်တိုဘာ ၃၁ တွင် လီဗာပူးလ်(အိမ်)၊ ဒီဇင်ဘာ ၂၈ တွင် မန်ယူ(အဝေး) ပွဲစဉ်များ ကစားရမည် ဖြစ်သည်။
ပထမဆုံးမန်ချက်စတာဒါဘီပွဲစဉ်ကို အောက်တိုဘာလ ၂၄ ရက်တွင် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ကစားမည် ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်ကို မတ်လ ၁၉ ရက်နေ့တွင် အီတီဟတ်ကွင်း၌ ကစားမည် ဖြစ်သည်။ အင်္ဂလိပ်ဘောလုံးလောက၏ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပွဲစဉ်ဟု တင်စားကြသည့် မန်ယူနှင့် လီဗာပူးလ်တို့၏ ပထမအကျော့ပွဲစဉ်ကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ကစားမည် ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်ကို အန်ဖီးလ်ကွင်းတွင် ဇန်နဝါရီလ ၁၆ ရက်နေ့၌ ကစားမည် ဖြစ်သည်။
ပထမဆုံး မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို နိုဝင်ဘာလ ၇ ရက်နေ့တွင် အာဆင်နယ်အသင်း၏အမ်းမရိတ်ကွင်းတွင် ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ကို မတ်လ ၅ ရက်နေ့တွင် စပါးအသင်း၏ ဝှိုက်ဟတ်လိန်းကွင်း၌ ကစားမည် ဖြစ်သည်။
လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာအတွက် ယခုနှစ်ရာသီ ပွဲစဉ်ဇယားမှာ ခက်ခဲမည် ဖြစ်ပြီး အဖွင့်ပွဲစဉ် ၅ ပွဲမှာပင် အာဆင်နယ်နှင့် မန်ယူတို့ကို အဝေးကွင်းတွင် သွားရောက်ရင်ဆိုင်ရမည် ဖြစ်သည်။
၂၀၁၅-၁၆ ပရီးမီးယားလိဂ်ပွဲစဉ်များကို ယမန်နှစ်ကထက် အချိန်စော၍ သြဂုတ်လ ၈၊ ၉ ရက်များတွင် စတင်ကစားမည် ဖြစ်ပြီး မေလ ၁၅ ရက်နေ့တွင် နောက်ဆုံးကစားမည် ဖြစ်သည်။
၂၀၁၅-၁၆ ပရီးမီးယားလိဂ် ပွဲစဉ် (၁)
--------------------------------------
အာဆင်နယ် - ဝက်စ်ဟမ်း
ချယ်လ်ဆီး - ဆွမ်ဆီး
မန်ယူ - စပါး
ဝက်စ်ဘရွန်း - မန်စီးတီး
စတုခ်စီးတီး - လီဗာပူးလ်
ဘုန်းမောက် - ဗီလာ
အဲဗာတန် - ဝက်ဖို့ဒ်
လက်စတာ - ဆန်းဒါးလန်း
နယူးကာဆယ် - ဆောက်သမ်တန်
နောဝှစ်ချ် - ခရစ္စတယ်ပဲလေ့စ်
ရည်ညွှန်း ဒေးလီးမေးလ်