ဘာစီလိုနာဥက္ကဋ္ဌသစ်ရွေးပွဲဝင်ပြိုင်မည်ဟု ဥက္ကဋ္ဌဟောင်းလာပေါ်တာအတည်ပြု

ဘာစီလိုနာဥက္ကဋ္ဌသစ်ရွေးပွဲဝင်ပြိုင်မည်ဟု ဥက္ကဋ္ဌဟောင်းလာပေါ်တာအတည်ပြု

ဇွန် ၁၇၊ ဘာစီလိုနာ။ ။ ဘာစီလိုနာဥက္ကဋ္ဌဟောင်းဖြစ်သူ နိုင်ငံရေးသမား ယိုအန်လာပေါ်တာက လာမည့်ဘာစီလိုနာဥက္ကဋ္ဌသစ်ရွေးကောက်ပွဲတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု အတည်ပြုကြေညာလိုက်သည်။

ကက်တလန်ဒေသမှနိုင်ငံရေးသမားလာပေါ်တာသည် ဘာစီလိုနာအသင်းတွင် ၂၀၀၃ မှ ၂၀၁၀ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ်ခုနစ်နှစ်ကြာ ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။ ၎င်း၏လက်ထက်တွင်ဘာစီလိုနာသည် အမှတ်ပေးဖလားလေးကြိမ်နှင့် ချန်ပီယံလိဂ်နှစ်ကြိမ်ရရှိခဲ့သည်။

အသက် ၅၂ နှစ်အရွယ်ရှိလာပေါ်တာသည် ဥက္ကဋ္ဌအဖြစ်ပြန်လည်ရွေးကောက်ပွဲဝင်မည့် ဘာတိုမြူနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ "ဘာစီလိုနာ ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲကို ဝင်ပြိုင်မှာပါ။ ဘာစီလိုနာကို လူတိုင်းအတွက်အသင်းတစ်သင်းဖြစ်အောင် လုပ်ပေးသွားမှာပါ။ အရင်တုန်းကထက် ပိုစိတ်နှစ်ပြင်ဆင်ထားတယ်လို့လည်း ပြောချင်ပါတယ်။ ကျွန်တော့်မှာ အတွေ့အကြုံပိုရှိတယ်။ အမှားတွေလည်းရှိခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ဘာစီလိုနာဟာ ကလပ်အသင်းဆိုတာထက်ပိုပါတယ်။ ဂျိုဟန်ခရိုက်ဖ်၊ လာမာစီယာ၊ ကက်တလန်ညာ၊ ယူနီဆက်ဖ်တို့ကို အခြေခံ ထားတဲ့ပုံစံတစ်ခုဖြစ်ပါတယ်။ အဲဒီပုံစံကို ကျွန်တော့်ခွန်အားရှိသမျှ ကာကွယ်သွားမယ်။ ကျွန်တော့်ကိုအားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုကျေးဇူးတင်မိပြီး သူတို့ကြောင့်လည်း အခုလိုထပ်ပြိုင်ဖြစ်တာပါ။ ခင်ဗျားတို့ရဲ့ အားပေးမှုကိုလိုအပ်နေပါတယ်"ဟု လာပေါ်တာက ပြောသည်။

လက်ရှိဥက္ကဋ္ဌဘာတိုမြူသည် နေမာကိုခေါ်ယူရာ၌ မမှန်မကန်ပြုလုပ်မှုဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရသော်လည်း အသင်းကိုဖလားသုံးလုံးရယူပေးခဲ့သည့် နည်းပြအင်းနရစ်နှင့် နောက်ခံလူအဲလ်ဗက်စ်တို့ အသင်းတွင်ဆက်ရှိနေအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ဘာစီလိုနာဥက္ကဋ္ဌသစ်ရွေးပွဲကို ဘာတိုမြူ၊ ဖရစ်ဇာ၊ ဘန်နက်ဒီတို၊ မက်ဟို၊ ဖာရီနှင့် လာပေါ်တာတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဇူလိုင် ၁၈ တွင်ကျင်းပမည်ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly