ဒုတိယပိုင်းတွင် ပျက်ယွင်းသွားသည့် အသင်း၏ကစားပုံကြောင့် အာဂျင်တီးနားနည်းပြ မာတီနို စိုးရိမ်

ဒုတိယပိုင်းတွင် ပျက်ယွင်းသွားသည့် အသင်း၏ကစားပုံကြောင့် အာဂျင်တီးနားနည်းပြ မာတီနို စိုးရိမ်

ချီလီ၊ ဇွန် ၁၄။ ။ ပါရာဂွေးအသင်းနှင့် ကစားခဲ့သည့် ကိုပါအမေရိကဖလား အုပ်စုအဖွင့်ပွဲစဉ်တွင် ၂-၂ ဂိုးဖြင့် သရေကျခဲ့ပြီးနောက် အာဂျင်တီးနား နည်းပြမာတီနိုက အသင်း၏ ဒုတိယပိုင်းကစားပုံကို ကြည့်၍ စိုးရိမ် ပူပန်မိကြောင်း ပြောဆိုခဲ့သည်။ အသင်း၏ ကစားပုံမှာ ဒုတိယပိုင်းတွင် ယုံကြည်မှု ပျောက်ဆုံးသွားသည်ဟုလည်း ၎င်းက ဆိုသည်။

ထိုပွဲစဉ်တွင် အာဂျင်တီးနားအသင်းသည် အဂူရို၊ မက်ဆီတို့၏ သွင်းဂိုးများဖြင့် ပထမပိုင်းတွင်အနိုင်ရနေခဲ့သော်လည်း ဒုတိယပိုင်းတွင် ချေပဂိုးများပြန်ပေးခဲ့ရပြီး သရေကျခဲ့ခြင်း ဖြစ်သည်။

'ဒီနေ့မှာ ကျွန်တော်တို့အသင်းကစားသွားတဲ့ ပုံစံက ပုံစံနှစ်မျိုးဖြစ်နေတယ်ဆိုတာ ရှင်းပါတယ်။ နယ်လ်ဆင်ရဲ့ ဂိုးကို ခွင့်ပြုခဲ့ရတဲ့ အထိ ကျွန်တော်ဒီလိုမပြောသေးပါဘူး။ ဒါပေမဲ့ အသင်းဟာ မိနစ် ၅၀ လောက် ပွဲကို စိုးမိုးနိုင်ခဲ့ပေမယ့် နောက်ထပ်ဂိုးတွေ ထပ်မသွင်းနိုင်ခဲ့ပါဘူး။ ပွဲချိန် ၅၅ မိနစ်နောက်ပိုင်းမှာတော့ ကျွန်တော့်အသင်းဟာ ယုံကြည်မှု ပျောက်ဆုံးသွားခဲ့ပါတယ်။

ဖိအားဒဏ်ကို မထိန်းနိုင်ခဲ့ပါဘူး။ ပွဲတွေကစားတဲ့ အခါမှာ အပြည့်အဝထိန်းချုပ်ပြီး ကစားခဲ့တာပါ။ ဒီပွဲမှာတော့ ပွဲကို ထိန်းမထားနိုင်ခဲ့ဘူးလို့ ခံစားရပါတယ်။ ကျွန်တော်တို့ရဲ့အမှားတွေကို ပြန်လည် ပြင်ဆင်သွားမှာပါ' ဟု မာတီနိုက ပြောသည်။

အာဂျင်တီးနားအသင်းသည် ဒုတိယပွဲစဉ်အဖြစ် လက်ရှိကိုပါအမေရိကချန်ပီယံ ဥရုဂွေးအသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ဥရုဂွေးအသင်းမှာ ပထမပွဲစဉ်တွင် ဂျမေကာအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိထားသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly