ချန်ပီယံဆုများကို စိန်ခေါ်နိုင်ရန် နာမည်ကြီး ကစားသမားများကို မန်စီးတီး ခေါ်ယူမည်

ချန်ပီယံဆုများကို စိန်ခေါ်နိုင်ရန် နာမည်ကြီး ကစားသမားများကို မန်စီးတီး ခေါ်ယူမည်

အင်္ဂလန်၊ ဇွန် ၁၁။ ။ မန်စီးတီးအသင်းသည် ချန်ပီယံဆုများကို စိန်ခေါ်နိုင်ရန်အတွက် လီဗာပူးလ်တောင်ပံကစားသမား စတာလင်၊ ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဂ်ဘာနှင့် ဝုဖ်ဘတ်ကွင်းလယ်ကစားသမား  ဒီဘရိုင်းတို့ အပါအဝင် နာမည်ကီးကစားသမားများကို ခေါ်ယူရန် စီစဉ်လျက်ရှိသည်။

ပြီးခဲ့သည့်ရာသီက ဆုဖလားများနှင့် လွဲချော်ခဲ့ရသည့်အတွက် မန်စီးတီးအသင်းသည် လာမည့် ရာသီသစ်တွင် ငွေကြေးအများအပြား သုံးစွဲရန် စီစဉ်လျက်ရှိသည်။

ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးညီမျှမှု စည်းမျဉ်းနှင့် မကိုက်ညီသည့်အတွက် ဒဏ်ကြေးပေးဆောင်ခဲ့ရသော မန်စီးတီးအသင်းသည် ပြီးခဲ့သည့်နှစ်က အပြောင်းအရွှေ့အသုံးစရိတ်များကို ကန့်သတ်ခဲ့သည်။ သို့သော် ယခုအချိန်တွင် ငွေကြေးလွန်စွာချမ်းသာသည့် မန်စီးတီးအသင်းပိုင်ရှင်က ပြောင်းရွှေ့ကြေးကို အကန့်အသတ်မရှိသုံးစွဲခွင့် ပေးလိုက်ပြီဖြစ်သည်။ ထို့ကြောင့် အသင်းဥက္ကဋ္ဌ အယ်လ်မူဘာရက်က လာမည့်ရာသီသစ်တွင် မန်စီးတီးအသင်းကို ကွဲပြားခြားနားသည့် ပုံစံဖြင့် မြင်တွေ့ရမည်ဟု ပြိုင်ဘက်အသင်းများကို သတိပေးလိုက်သည်။

'မန်စီးတီးအသင်းဟာ ပိုမိုတောင့်တင်းပြီး ပိုမိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ အသင်းတစ်သင်းဖြစ်လာမယ်လို့ ကျွန်တော်ပြောရဲပါတယ်။ လာမယ့် ရာသီသစ်အတွက် ယုံကြည်မှုရှိသလို အများကြီး စိတ်လှုပ်ရှားနေပါတယ်။

မန်စီးတီးအသင်းကို နောက်အဆင့်တစ်ခုကို မြင့်တက်အောင် ပြုလုပ်ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ကျန်ပြည်တွင်းဆုဖလားနှစ်လုံးကိုပါ ရရနိုင်မယ့် အသင်းဖြစ်အောင် တည်ဆောက်သွားမှာပါ။
ကျွန်တော်တို့ အပြောင်းအလဲအချို့ပြုလုပ်သွားမှာပါ။ အချို့ကစားသမားတွေက ကျွန်တော်တို့နဲ့အတူ နောက်လာမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားမှာဖြစ်ပြီး အသင်းနဲ့ အံ့ဝင်မယ့် အရည်အသွေးရှိထိပ်တန်းကစားသမားတွေလည်း အသင်းကို ရောက်ရှိလာပါလိ့မ်မယ်' ဟု  အယ်လ်မူဘာရက်က ပြောသည်။

မန်စီးတီးအသင်းလက်ရှိတွင် ပစ်မှတ်ထားနေသည့် စတာလင်နှင့် ပေါ့ဂ်ဘာတို့၏ တန်ဖိုးမှာ ပေါင်သန်း ၅၀ ဝန်းကျင်ဖြစ်ပြီး ဝုဖ်ဘတ်ကွင်းလယ်လူ ဒီဘရိုင်းမှာလည်း ပေါင်သန်း ၄၀ ခန့် ကြေးသတ်မှတ်ထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly