ပျောက်ဆုံးသွားသော ကျောင်းသား ၁ သန်းအရေး ရင်လေးဖွယ်

17 June 2015
ပျောက်ဆုံးသွားသော ကျောင်းသား ၁ သန်းအရေး ရင်လေးဖွယ်

ယခု ရက်ပိုင်းအထိ စာမေးပွဲ အောင်စာရင်း ဂယက်တွေက မငြိမ်သေးပါဘူး။ အောင်တဲ့ ကျောင်းသား မိဘကော ကျရံှုးတဲ့ ကျောင်းသားမိဘတွေကော သောကတွေက အတူတူလောက်ပါပဲ။ ကျတဲ့ကျောင်းသား မိဘက သားသမီးအတွက် သောကရောက်ကြရ ပူပန်ရသလို အောင်တဲ့ ကျောင်းသား မိဘများ အဖို့ရာမှာလည်း ကိုယ့် သားသမီး ကျောင်းဆက်ထားနိုင်ရေး အားခဲထားကြရ ပြန်တာပါပဲ။ ဘာ့ကြောင့်များ သည်လောက်အထိ မိဘများအဖို့ သားသမီးပညာရေးကိစ္စ ပူပန်သော ကရောက်နေ ကြရပါလိမ့်။

မိမိတို့ တိုင်းပြည်မှာ ဘက်စုံပညာရေးကဏ္ဍ လေ့လာမှု စစ်တမ်း CESR အရ ပြောရရင် တစ်နှစ်အတွင်း မူလတန်းမှာ စတင်ကျောင်းထားတဲ့ ကျောင်းကို ရောက်လာ တဲ့ ကျောင်းသား အရေအတွက်က ၁ ဒသမ ၁ သန်းရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီကျောင်းသားတွေထဲက ဆယ်တန်းကို ရောက်လာတဲ့ ကျောင်းသား အရေ အတွက်ကျတော့ ၃ သိန်းပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒါဆိုရင် သူငယ်တန်းနဲ့ ဆယ်တန်းကြား အကြောင်းအမျိုးမျိုးနဲ့ စာသင်ခန်းတွေထဲက ထွက်သွားကြရတဲ့ ကျောင်း သားအရေအတွက်က ၁ သန်းဝန်းကျင် ရှိနေတယ်။ အံ့သြထိတ်လန့်ဖွယ် အရေအတွက်ပါပဲ။

ဒီကြားထဲ ဒီနှစ် ဆယ်တန်း စာမေးပွဲ အောင်ချက်ရာနှုန်းက ၃၇ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဆိုရင် ကျရံှုးတဲ့ ကျောင်းသားတချို့ ကျောင်းက ထွက်တဲ့သူ ထွက်ကြပါလိမ့်ဦးမယ်။ သည်အတိုင်း တွက်ကြည့်လျှင် လမ်းခုလတ်မှာတင် ခါးပြတ်ကျန်နေခဲ့တဲ့ ကျောင်းသားဦးရေ ၁ သန်းအပြင် ဒီ ဆယ်တန်း စာမေးပွဲက စစ်ချ လိုက်လို့ ရံှုးနိမ့်သွားတဲ့ ကျောင်းသားတချို့က အရေအတွက် ထပ်ဖြည့်သလို ဖြစ်ကြရဦးမယ်။

တွေးဆမိတဲ့ အချက်က အဲဒီ ကျောင်းကနေ ထွက်သွားကြရတဲ့ ကျောင်းသားဦးရေ ၁ သန်းက ဘယ်ရောက် သွားကြရသလဲ။ အားလုံးသိကြတဲ့အတိုင်း မိမိတို့နိုင်ငံရဲ့ ပညာရေးစနစ်ကသီအိုရီများတဲ့ ပညာရေးစနစ် ဖြစ်နေတယ်။ သူငယ်တန်းက စလို့ ဆယ်တန်း၊နောက် ဘွဲ့ရတဲ့အထိ သီအိုရီနဲ့ လာကြရလို့ လက်တွေ့မှာ အားနည်း ကြရတယ်။ ဘယ်အတန်းပဲဖြစ်ဖြစ် ဘွဲ့ရပြီးတဲ့အထိ ကျောင်းက ထွက်ရင် ကိုယ်သင်လာတဲ့ ပညာရေးက လက်တွေ့မှာ အသက်မွေးဝမ်းကျောင်းမှုနဲ့ တခြား စီပဲ ဖြစ်နေတယ်။

ဒီတော့ကာ ပညာစုံတဲ့ ကျောင်းသားတွေ ဘွဲ့တွေ ဘာတွေရလို့ကျောင်းက ထွက်ရင်တောင် အသက်မွေးဝမ်းကျောင်းဖို့ မလွယ်ကူတဲ့ အခြေအနေမှာ ပညာတစ်ပိုင်း တစနဲ့ ကျောင်းက ထွက်သွားကြရဲ့ အဲဒီ လမ်းခုလတ်မှာတင် ပျောက်သွားရတဲ့
ကျောင်းသားတစ်သန်းအတွက် မတွေးဝံ့စရာ ကောင်းလောက်အောင် ဖြစ်ရတယ်။ ဒီကျောင်းသားတွေက ဘယ်ရောက် သွားကြရသလဲ။

ဘာတွေ လုပ်ကိုင်စားသောက် နေထိုင်ကြမလဲ။ အနောက်နိုင်ငံတွေမှာတော့ သူတို့ ပညာရေးက ပညာဆုံးခန်းတိုင်အောင်
နေသွားကြတဲ့ ကျောင်းသားတွေအပြင် တစ်ဝက်တစ်ပျက်နဲ့ ကျောင်းထွက်ကြရတဲ့ ကျောင်းသားများ အရေးကိုပါ ထည့်သွင်း ရေးဆွဲထားတာရှိတယ်။ အနိမ့်ဆုံး ကျောင်းနေစဉ် အိမ်ထောင်ကျလို့ ကိုယ်ဝန်ကြောင့် ကျောင်းမတက်နိုင်တဲ့ သူတွေကအစ ဘယ်လို ကျောင်းဆက်တက်လို့ရမယ် ပညာဘယ်လို ဆက်သင်လို့ရမယ်ဆိုတဲ့ လမ်းကြောင်း တွေ ရှိတယ်။

ပြီတော့ ကျောင်းမှာ စာမေးပွဲတွေမှာ ရထားတဲ့ ရမှတ်တွေနဲ့ ပြန်ပြီးကယ်တင်နိုင်တဲ့စနစ်၊ ဒါ့အပြင် တစ်ဝက်တစ်ပျက်နဲ့ ထွက်ရတဲ့ ကျောင်းသားတွေအတွက် အသက်မွေးဝမ်းကျောင်းပညာရေး၊ အဲသလို ပညာရေးစနစ်တွေ အမျိုးမျိုး ဖြန့်ခင်းပေးထားတယ်။ ဒီတော့ကာ စာမေးပွဲအောင်လို့ ကျရှုံးရတဲ့ ကျောင်းသားကလည်း ကိုယ်ရထားတဲ့ အမှတ်တွေ အချည်းနှီး မဖြစ်တော့ပဲ ပြန်ဖြေလို့ရတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ရတဲ့ ကျောင်းသားတွေကလည်း ကျောင်းက ထွက်ရင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းထဲ တန်းပြီးဝင်လို့ရတယ်။ ဒီတော့ကာ ကျောင်းက ထွက်ပြီး ခြေရာပျောက် သွားတဲ့ ကျောင်းသားရယ်လို့ ဘယ်ရှိပါတော့မလဲ။

မိမိတို့ တိုင်းပြည်မှာတော့ နှစ်စဉ် ကျောင်းသားပေါင်းများစွာ ကျောင်းက ပြန်ထွက်နေကြရပြီ။ နှစ်စဉ် ကျောင်းသား
ပေါင်းများစွာ လမ်းပေါ်ကို ရောက်သွားကြရပြီ။ စာသင်ခန်းတွေကို ကြောခိုင်းလိုက်ကြရတဲ့ ပျောက်ဆုံးသွားတဲ့ ဒီကျောင်းသား ၁ သန်းအတွက် မိမိတို့ ဘာလုပ် ပေးသင့်တယ်၊ ဘာလုပ်ပေးရမယ်ဆိုတဲ့ အစီအစဉ် ကလည်း မရှိ။ ဒါကြောင့်မို့ မိမိတို့ တိုင်းပြည်အတွက် သည်ပျောက်ဆုံးသွားရတဲ့ ကျောင်းသားများအတွက် အသေအချာစဉ်းစား အဖြေရှာသင့်ကြောင်းနဲ့ ပညာရေး စနစ် ပြင်ဆင်သင့်ပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Mizzima Weekly