‘အခုကျွန်မတို့ အကုန်လုံးက နွားကွဲသလို ဖြစ်သွားပြီ’

‘အခုကျွန်မတို့ အကုန်လုံးက နွားကွဲသလို ဖြစ်သွားပြီ’

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ အုပ်စုရှိ ဂုံညင်းနီ စားကျက်မြေပေါ်တွင် နေထိုင်ပြီး  ဖြိုခွင်း ဖယ်ရှားခံရသူ ဒေါ်သင်းသင်းနှင့် မဇ္ဈိမ မေးမြန်းခြင်း

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုရှိ ဂုံညင်းနီ စားကျက်မြေပေါ်တွင် လာရောက်နေထိုင်ကြသည့် ဒုက္ခသည် စုစုပေါင်း သုံးထောင်ခန့်ကို ဇွန် ၆ ရက် မနက် ၆ နာရီတွင် အကြမ်းဖက် လာရောက် ဖြိုခွင်းမှုကြောင့် ဒုက္ခရောက်ရှိနေသူ တစ်ဦးဖြစ်သည့် ဒေါ်သင်းသင်းကို  မဇ္ဇျိမ မီဒီယာက မေးမြန်းခဲ့ပြီး ကောက်နှုတ် ဖော်ပြထားခြင်းဖြစ်သည် ။
(ယင်းကဲ့သို့ အိမ်ခြေမဲ့ ဖြစ်သွားသော ဒုက္ခသည်များက ဇွန် ၁၈ ရက်တွင် ရန်ကုန်မြို့၊ မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင်  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ မဇ္ဈိမက တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။)

၎င်းတို့သည် အဆိုပါ စားကျက်မြေတွင် ဇွန်လ ၁ ရက်က စတင် နေထိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်ခင် စားကျက်မြေအနီးရှိ ရွာများတွင် ငှားရမ်း နေထိုင်ကြသူအများစု ဖြစ်သည်။

မေး။ ။ အန်တီရဲ့ နာမည်နဲ့ မိသားစုအကြောင်းလေး ပြောပြပေးပါဦး။

ဖြေ။ ။ အန်တီ့နာမည်က ဒေါ်သင်းသင်းပါ။ အသက်ကတော့ ၄၅ နှစ်ရှိပါပြီ။ အခုလက်ရှိမှာတော့ မင်္ဂလာဒုံမြို့နယ် စံပြကျေးရွာ၊ ရွှေနံ့သာ ကျေးရွာအုပ်စု၊ လေးထောင့်ကန်မှာ ငါးသောင်းနဲ့ အိမ်ငှား နေပါတယ်။ မိသားစုကတော့ အားလုံးပေါင်း ၆ ယောက်ပါ။

မေး။ ။ အန်တီတို့ စားကျက်မြေမှာ နေဖြစ်ပုံကိုလည်း ပြောပြပေးပါဦး။

ဖြေ။ ။ အန်တီတို့ကို နိုင်ကျဉ်းဟောင်း ဦးမောင်မောင်မြင့်က စားကျက်မြေမှာ အိမ်ပိုင်မြေပိုင်မရှိ တဲ့သူတွေကို အခမဲ့ အိမ်ရာလေးကို ထူထောင်ပေးမယ် ဆိုတာနဲ့ အန်တီတို့ကလည်း တောင်းခံခဲ့ တာပါ။ မွေးမြူရေးနှင့် ရေလုပ်ငန်း ဦးစီးဌာနပိုင်ရဲ့ နောက်ကျောမှာ ဧက ၁၀၀ ကျော်ရှိတဲ့ စားကျက် မြေကြီးအဖြစ် သိရှိခဲ့ရတယ်။

အဲဒီလိုသိရှိတဲ့အခါမှာ အန်တီတို့လိုမျိုး မြေမရှိတဲ့အခါမှာ စားကျက်မြေ ဆိုတာ ပြည်သူလူထုတွေ လာရောက် ခိုလှုံခွင့်ရတယ်ဆိုတဲ့ အကြောင်းကို သိရှိရပါတယ်။ အန်တီတို့လို ဒုက္ခသည် အိမ်ငှားအဖွဲ့အစည်းတွေဆိုတာ တစ်လကို လေးငါးသောင်း ပေးနေရတယ်။ အဲဒါတောင်မှ ဆယ်ပေပတ်လည်ပေါ့။ အခမဲ့အိမ်ရာလေး ထူထောင်ပေးမယ်ဆိုလို့ အန်တီတို့က တောင်းခံခဲ့တာပါ။ အန်တီတို့က ဒီဂုံညင်းနီစားကျက်မြေ ဧက ၁၀၀ ကျော်ရှိတဲ့မြေပေါ်မှာ အန်တီတို့ ဒုက္ခသည်တွေက တစ်ယောက်ကို ဘယ်လောက်ဆိုပြီးတော့ ဝေမျှထားခြင်း မရှိသေးဘူး။ နိုင်ငံတော်သမ္မတကြီး ဆီကိုပဲ တောင်းခံတာပါ။ မြအိမ်စည်အခမဲ့အိမ်ရာလုပ်ငန်း ဆိုပြီးတော့ ဒီစားကျက်မြေပေါ်မှာနေခွင့် အသနား ခံစာကိုသမ္မတကြီးဆီ တင်ရုံရှိသေးတယ်၊ အခုလို နှိမ်နှင်းဖျက်ဆီးခံရတာပါ။

မေး။ ။ အန်တီတို့ကို သူတို့ဘက်က သတိပေးစာ မပေးဘဲ အခုလို ဖျက်သိမ်းလိုက်တာလား။

ဖြေ။ ။ အန်တီတို့ကို မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးကနေပြီးတော့ မွေးမြူရေးနဲ့ ရေလုပ်ငန်းပိုင် မြေကြီးဖြစ်တဲ့အတွက် သူတို့ပိုင်မြေ ငါးဧကကို ကျူးကျော်ပါတယ်ဆိုပြီး ငါးရက်နေ့ကို ဖယ်ပေးပါ ဆိုပြီးတော့ ဇွန် ၃ ရက်နေ့က သတိပေးစာ ပို့တယ်။ ဒါပေမယ့် အဲဒီနေရာက ငါးဧကပဲ ရှိတာမဟုတ် ဘူး။ ဧကတစ်ရာကျော်ရှိတာ။ တကယ်လို့ သူတို့ပိုင်တဲ့ ငါးဧကယူပြီးရင် ကျန်တဲ့မြေသည် စားကျက် မြေ ပဲ။ အဲဒီအတွက် ကျန်တဲ့မြေကို သမ္မတကြီးဆီကို တောင်းပိုင်ခွင့် ရှိတယ်။ အဲဒီလိုနဲ့ အန်တီတို့က မဖယ်ပေးဘူး။ သူတို့ပိုင်တဲ့ ငါးဧက ကိုဖယ်ပေးပြီးတော့ ဒီဘက်မှာနေကြတယ်။

မေး။ ။ ဇွန် ၃ ရက်နေ့က သတိပေးစာပို့တော့ သူတို့တွေက ၅ ရက်မတိုင်ခင်ကြားထဲမှာ အနှောင့်အယှက် ပေးတာတွေ ရှိလား။

ဖြေ။ ။ ရှိတာပေါ့။ ဒီ ငါးရက် ၊ ခြောက်ရက်အတွင်း နိုင်ငံတော်သမ္မတကြီးဆီကို စာတင်နေတဲ့ အချိန် ကို သူတို့တွေက ပိုက်ဆံပေးငှားတဲ့ အဖွဲ့အစည်းတွေ၊ ဘယ်က ငှားလဲတော့ မသိဘူး။ အဲဒီလူတွေနဲ့ သုံးရက်နေ့က စပြီးတော့ ဒုတ်၊ ဓား၊ လက်နက်တွေနဲ့ ထိုးနှက်ပြီးတော့ တိုက်ခိုက်တယ်။ သူတို့တွေက လူအင်အား၊ လက်နက်အင်အား၊ ရဲအင်အားတွေနဲ့ပေါ့။ သုံးရက်နေ့က သတိပေးစာပို့ပေမယ့် အဲဒီ နေ့က စပြီးတော့ ငါးရက်အတွင်း တစ်နေ့တစ်မျိုးကို လူတွေကို နှောက်ယှက်တယ်။ မြေတူးစက်ကြီး သုံးခုနဲ့ ထိုးတယ်။

မေး။ ။ အန်တီတို့က သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းတာတွေ မလုပ်ဘူးလား။

ဖြေ။ ။ အန်တီနဲ့ စကားပြောဖြစ်တာက မွေးမြူရေးနဲ့ ရေလုပ်ငန်းက ဒုညွန်ချုပ် ဦးအောင်ထွန်းခိုင်နဲ့ စကားပြော ဖြစ်တယ်။ အန်တီက ဆရာရယ် မလုပ်ပါနဲ့။ ကျွန်မတို့ဘက်မှာ အိမ်ထောင်ရှင်တွေ၊ ကလေးတွေ၊ သီလရှင်တွေနဲ့မို့လို့ တောင်းပန်တယ်။ အဲဒီတော့ သူက ဒီမြေကြီးမှာ လူဦးရေ ဘယ်လောက်ရှိလဲ။ သူတို့အထက်ကို တင်ပေးမယ်ပြောတော့ အန်တီက တင်ပေမယ့် အချိန်မှာ ခေတ္တခဏ ခိုနားခွင့်ရှိပါသလား ဆိုပြီးမေးတော့ သူတို့က အခုပဲ ဖယ်ပေးပါတဲ့။ နေပိုင်ခွင့် မရှိပါဘူးတဲ့ ပြောတယ်။ သူတို့က အန်တီတို့ကို နှင်တုန်းက မွေးမြူရေးနှင့် ရေလုပ်ငန်းပိုင်နယ်မြေကို ကျူးကျော်လို့ ဖယ်ရှားတယ် ဆိုပြီးတော့ ပြော တယ်။ အခုတော့ နိုင်ငံတော်ပိုင် မကျူးကျော်ရတဲ့။

မေး။ ။ အန်တီတို့ ဒုက္ခသည်တွေဘက်က ဘာတွေ ထိခိုက်နစ်နာဆုံးရှုံးတာမျိုး ရှိလဲ။

ဖြေ။ ။ အန်တီတို့ကတော့ မရှိပေမယ့် အဲဒီစားကျက်ဘေးမှာရှိတဲ့  ဒလဘောင်ကျေးရွာမှာ နှစ်ပေါင်း ၂၀ လောက်နေထိုင်ပြီး ဒီဘက်စားကျက်မြေမှာ စိုက်ထားတဲ့စိုက်ခင်း ၁၀ ဧကကျော်ကိုပါ ဖျက်သိမ်း လိုက်ပါတယ်။ မုန်ညင်းဖြူ၊ စိမ်း၊ ဆလတ်ရွက်တွေစတဲ့ အဲဒီစိုက်ခင်းတစ်ခင်းကို သုံးသိန်းကျော် လောက် ရှိတယ်။ အားလုံးပေါင်း ၁၀ ခင်းကျော်တယ်။ ဖျက်သိမ်းခံလိုက်ရတာ။ အဲဒီစိုက်ခင်းအတွက် သူတို့တွေ ချေးထားတဲ့ပိုက်ဆံတွေ၊ ရင်းထားရတဲ့ငွေကြေးတွေ ဆုံးရှုံးလိုက်ပါတယ်။ သူတို့ဘက်က ဒီစိုက်ခင်းတွေကို ဖျက်သိမ်းခိုင်းတော့ စိုက်ခင်းပိုင်ရှင်တွေက ကျွန်တော်တို့ ရုပ်သိမ်းပြီးတာနဲ့ ဖယ်ပေးပါမယ့်၊ သုံးရက် လောက်တော့ အချိန်ပေးပါလို့ ပြောတော့ မရဘူး။ တစ်မိနစ်ပဲ အချိန်ပေး မယ်၊ အခုချက်ချင်းဖျက်လို့ ပြောတော့ ကျွန်တော်တို့ဘယ်လိုလုပ် တစ်မိနစ်တည်းနဲ့ ဖျက်သိမ်းလို့ ရပါ့မလဲ။ အစ်ကိုတို့ လုပ်ချင်သလိုသာ လုပ်တော့လို့ ပြောလိုက်တော့ သူတို့ပါလာတဲ့ စက်ယန္တရား ကြီးတွေနဲ့ စိုက်ခင်းတွေကို ထိုး ကလော် လိုက်တယ်။

မေး။ ။ အခုလက်ရှိမှာကော ဒုက္ခသည် သုံးထောင်ကျော်က  ဘယ်မှာနေလဲ။

ဖြေ။ ။ ဒုက္ခရောက်နေတဲ့ ဒုက္ခသည် သုံးထောင်ကျော်ကတော့ သူတို့အမိရွာကို ပြန်တဲ့သူက ပြန်တယ်။ တချို့ကျတော့လည်း အနီးနားမှာ ပြန်ပြီးတော့ ငှားနေကြတယ်။ တချို့ကျတော့ ငှားစရာ ပိုက်ဆံမရှိတဲ့လူကျတော့ အင်းစိန်က ဘုန်းကြီးကျောင်းမှာ နေဖို့အကူအညီတောင်းတော့ ဘုန်းကြီးက နေခွင့် မပေးဘူးတဲ့။ ဘာဖြစ်လို့လဲတော့ ကျွန်မလည်း မသိဘူး။ အဲဒီစားကျက်ရွာကို လာရောက် နေထိုင်တဲ့သူတွေက မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ဒလဘောင်၊ ရွှေနံ့သာ၊ လေးထောင့်ကန်၊ ပျဉ်းမပင်၊ ဗိုလ်ခြံ၊ သင်္ဃန်းကျွန်း၊ ကြူစန်စတဲ့ကျေးရွာက လူတွေ။ အဲဒီလူတွေထဲမှာ နာဂစ်ဖြစ်တုန်းက ဒုက္ခရောက်နေတဲ့ သူတွေလည်း ပါပါတယ်။ အခ ုကျွန်မတို့ အကုန်လုံးက နွားကွဲသလို ဖြစ်သွားပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly