မြန်မာနိုင်ငံမှ အလုပ်သမား ကိုယ်စားလှယ်များ ဂျပန်နိုင်ငံတွင် အလုပ်သမားရေးရာ သင်တန်း တက်ရောက်မည်

မြန်မာနိုင်ငံမှ အလုပ်သမား ကိုယ်စားလှယ်များ ဂျပန်နိုင်ငံတွင် အလုပ်သမားရေးရာ သင်တန်း တက်ရောက်မည်
ဇွန်လအတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်ခဲ့သည့် အလုပ်သမား ညီလာခံ။ (ဓာတ်ပုံ - ILO)

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်ကိုယ်စားလှယ်များသည် ဂျပန်နိုင်ငံတွင် နိုင်ငံတကာ အလုပ်သမား အခြေခံအုတ်မြစ် အဖွဲ့အစည်း (JILAF) က ဖွင့်လှစ်မည့် အလုပ်သမားရေးရာ သင်တန်းကို တက်ရောက်မည်ဟု သင်တန်းတက်မည့် အလုပ်သမားခေါင်းဆောင် ကိုယ်စားလှယ်များက မဇ္ဈိမကို ပြောသည်။

သင်တန်းကို ဇွန်လ ၂၁ ရက်မှ ဇူလိုင်လ ၄ ရက်အထိ ဂျပန်နိုင်ငံတွင် ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ကမ္ဘောဒီယားနိုင်ငံရှိ အလုပ်သမား သမဂ္ဂခေါင်းဆောင်များက တက်ရောက်မည် ဖြစ်သည်။

သင်တန်းတက်ရောက်မည့် ဒေါ်အေးသီတာခိုင်က “လူငယ်ခေါင်းဆောင်မှု သင်တန်းပါ။ သင်တန်းက ပြန်လာပြီးရင်
သေသေချာချာ စနစ်တကျ အလုပ်သမားတွေကို ကျွန်မတို့ လေ့လာခွင့် ရခဲ့တဲ့ အရာတွေ ပြန်ပြီးသင်တန်း ပို့ချပေးမှာပါ။ မြန်မာနိုင်ငံမှာ အလုပ်သမားကဏ္ဍနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေက နည်းပါးနေသေးတော့ ဂျပန်နိုင်ငံမှာ သေချာလေး ဆည်းပူးလေ့လာချင်ပါတယ်”ဟု ပြောသည်။

သင်တန်းကို စက်မှုကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ သစ်နှင့် ဆောက်လုပ်ရေး ကဏ္ဍများမှ သမဂ္ဂခေါင်းဆောင် ၅ ဦး တက်ရောက်မည်ဖြစ်ပြီး ယခုအကြိမ်သည် တတိယအကြိမ်မြောက် ဖြစ်သည်။

သင်တန်းတက်ရောက်မည့် ဦးနေလင်းကျော်သူရက “ဂျပန်နိုင်ငံမှာက အလုပ်သမားတွေဘဝ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံပါ။ အဲ့တာကို အတုယူ လေ့လာမယ်။ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရတို့ကြား ဘယ်လိုဆောင်ရွက်လဲ၊ ညှိနှိုင်းလဲ ဆိုတာတွေ လေ့လာပြီး ဒီမှာ ဘာတွေ ပြန်ဆောင်ရွက်လို့ ရတယ်ဆိုတာကို အသုံးချသွားမှာပါ” ဟု ပြောသည်။

သင်တန်းတွင် ဂျပန်နိုင်ငံရှိ သမဂ္ဂများ၏ လက်ရှိအခြေအနေ၊ အလုပ်သမားများနှင့် ဂျပန်နိုင်ငံရှိ လူမှုဖူလုံရေး ဝန်ကြီးဌာနများကို လေ့လာခွင့် ရရှိမည်ဖြစ်ပြီး ဂျပန်နိုင်ငံရှိ အလုပ်သမားများ၏ အတွေ့အကြုံများကို ဖလှယ်ခြင်း၊ နိုင်ငံအလိုက် ဖွဲ့စည်းထားသည့် အလုပ်သမားသမဂ္ဂများ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဂျပန်နိုင်ငံရှိ အလုပ်ရှင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။

ဇွန်လ ၁ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် ၁၀၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံကိုလည်း
မြန်မာနိုင်ငံမှ အလုပ်သမား ကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ILO စံနှုန်းများ ကျင့်သုံးရေး ကော်မတီ၊ အသေးစား၊ အလတ်စား လုပ်ငန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးခြင်း၊ ဥပဒေ အကာအကွယ်မှု အောက်တွင် မရှိသော စနစ်တကျ စုဖွဲ့မှု မရှိသော လုပ်ငန်းအမျိုးအစားများကို ဥပဒေ အကာအကွယ် အောက်တွင် စနစ်တကျ စုဖွဲ့ထားသော လုပ်ငန်းများအဖြစ် ပြောင်းလဲနိုင်ရေး၊ လူမှုကာကွယ်
စောင့်ရှောက်ရေးဆိုင်ရာ ဆွေးနွေးခြင်း (အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ခြင်း) တို့ကို ဆွေးနွေးခဲ့ကြသေးသည်။

၁၀၄  ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) ကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ (ILO) အခြေစိုက်ရုံးချုပ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly