လှေစီးဒုက္ခသည် ၃၇ ဦး ဘင်္ဂလားဒေ့ရှ်ကို ဒုတိယအကြိမ် လွဲပေးလိုက်ပြီ

လှေစီးဒုက္ခသည် ၃၇ ဦး ဘင်္ဂလားဒေ့ရှ်ကို ဒုတိယအကြိမ် လွဲပေးလိုက်ပြီ
လှေစီးဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် အစိုးရထံလွဲပြောင်းနေစဉ်။ (ဓာတ်ပုံ-ရခိုင်ပြည်နယ် အစိုးရ)

ရန်ကုန်၊ ဇွန် ၁၉ ။    ။ ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်တွင် စစ်ဆေးလျက်ရှိသည့် လှေစီးဒုက္ခသည် ၂၀၀ကျော် အနက် ၃၇ ဦးကို ဇွန် ၁၉ ရက် နေ့လည် ပိုင်းက ဘင်္ဂလားဒေ့ရှ် အစိုးရထံ လွှဲပြောင်းလိုက်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် လ.ဝ.က မှ ဒုခရိုင် ဦးစီးမှူး ဦးထွန်းထွန်းက လွဲပြောင်းပေးအပ်ခြင်းဖြစ်သည်။

"အရင် လွဲတာနဲ့ အခုထပ်လွဲတာကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဆိုတာ သူတို့ အိမ်တိုင်ရာရောက် သွားစစ်ပြီးတဲ့သူတွေ ဖြစ် ပါတယ်"ဟု ရခိုင်ပြည်နယ် လ.ဝ.က ဦးစီးမှူး ဦးခင်စိုးကပြောသည်။

မြန်မာ့ရေပိုင်နက် အတွင်း ဖမ်းဆီးမိခဲ့သော လှေစီးရွေ့ပြောင်း အခြေချ ဒုက္ခသည်များကို ရခိုင်ပြည်နယ်တွင် စိစစ်လျှက်ရှိပြီး ပထမ လှေ တွင် ပါဝင်သည့်လှေမှ ဒုက္ခသည်များကိုသာ လွှဲပြောင်းပေးနိုင်သေးသည်။

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းတွင် ဖမ်းဆီးမိသော လှေစီးဒုက္ခသည် ၇၃၃ ဦးအနက် ၁၈၇ ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ကာ ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှ အများစုဖြစ်သည် ဟုပြောဆိုသည်။

၅၄၆ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဟု လတ်တလော အတည်ပြုထားပြီး ဘင်္ဂလားဒေ့ရှ် အစိုးရ ထံသို့ ကိုယ်ရေး အချက်အလက်များ ပေးပို့ထားသည်။

မေ ၁၇ ရက်က မြန်မာဘင်္ဂလာဒေ့ရှ်နယ်စပ် နတ်မြစ်ကြောင်းတွင် မြန်မာရေပိုင်နက်တွင်း ရောက်ရှိလာသော BGB ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး BGB ယူနီဖောင်းဝတ်ဆင်ထား သူတစ်ဦးကို ဖမ်းဆီးမိခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly