အိန္ဒိယ အမျိုးသားလုံခြံုရေး အကြံပေး အာဂျစ်ဒိုဗာလ် မြန်မာ သမ္မတ၊ ကာချုပ်တို့နှင့် တွေ့ဆုံ

အိန္ဒိယ အမျိုးသားလုံခြံုရေး အကြံပေး အာဂျစ်ဒိုဗာလ် မြန်မာ သမ္မတ၊ ကာချုပ်တို့နှင့် တွေ့ဆုံ

လိုက်ဖ်မင့် (နယူးဒေလီ)။ ။ အိန္ဒိယစစ်တပ်က အိန္ဒိယ - မြန်မာ နယ်စပ်တစ်လျှောက် သောင်းကျန်းသူ ချေမှုန်းရေး ထိုးစစ်တစ်ရပ် ဆင်နွှဲပြီးနောက် ရက်ပိုင်းအကြာ အိန္ဒိယ အမျိုးသားလုံခြုံရေး အကြံပေး အာဂျစ်ဒိုဗာလ်သည် ဗုဒ္ဓဟူးနေ့ (ဇွန်၁၇ ရက်)က မြန်မာနိုင်ငံတွင် မြန်မာသမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကျယ်ပြန့်သည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲများတွင် နှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို အဓိကထား ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲများသို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး အက်စ်ဂျာအစ်ရှန်ကာလည်း တက်ရောက်ခဲ့သည်။ သတင်းရင်းမြစ်များအရ ဒိုဗာလ်နှင့် ဂျာအစ်ရှန်ကာ တို့သည် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံဆွေးနွေးရာတွင် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်တစ်လျှောက် ညှိနှိုင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံဆိုင်ရာ အခြားကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယအရာရှိကြီးများမှာ မြန်မာသို့ တစ်ရက်ကြာ လာရောက်ခြင်း ဖြစ်သည်။ ဒိုဗာလ်သည် ဇွန် ၉ က အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် စစ်ဆင်ရေးကို စီစဉ်ရာတွင် အနီးကပ် ပါဝင်ခဲ့သူ ဖြစ်သည်။

အိန္ဒိယနှင့် မြန်မာသည် ၂၀၁၄ ခုနှစ်၊ မေလက နယ်စပ်ရေးရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုရရှိခဲ့ပြီး ယင်းသဘောတူညီချက်အရ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံကြား လုံခြုံရေး အေဂျင်စီများကြား သတင်းအချက်အလက် ဖလှယ်ရေးတို့အတွက် မူဘောင်တစ်ခု ချမှတ် ပေးထားသည်။

သဘောတူစာချုပ်၏ အဓိကပြဋ္ဌာန်းချက်တစ်ခုမှာ နိုင်ငံတကာ နယ်စပ်နှင့် ပင်လယ်ရေကြောင်း နယ်နိမိတ်တို့၏ သက်ဆိုင်ရာ ဘက်အသီးသီးတွင် နှစ်နိုင်ငံ တပ်ဖွဲ့များ ညှိနှိုင်းကင်းလှည့်မှု ဖြစ်သည်။ မကြာသေးခင်က မဏိပူရနှင့် အရူနာချာလ်ပရာဒေ့ရှ် ပြည်နယ်တို့တွင် NSCN(K) နှင့် KYKL သူပုန်အဖွဲ့တို့၏ လက်ချက်ဟု ယူဆရသော တိုက်ခိုက်မှုများ ဖြစ်ပေါ်ပြီးနောက် မြန်မာနိုင်ငံတွင်းရှိ အိန္ဒိယသူပုန်တို့၏ စခန်းနှစ်ခုကို ဖျက်ဆီးရန် အိန္ဒိယ ကွန်မန်ဒိုများသည် လေကြောင်း ပစ်ကူဖြင့် မြန်မာနယ်ထဲသို့ ကီလိုမီတာအနည်းငယ် ကျွံဝင်ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly