ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ရ၀ ပြည့်မွေးနေ့ ရန်ကုန်နှင့် နေပြည်တော်တွင် ပြုလုပ်မည်

ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ရ၀ ပြည့်မွေးနေ့ ရန်ကုန်နှင့် နေပြည်တော်တွင် ပြုလုပ်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် နှစ် ၇၀ ပြည့် မွေးနေ့ အထိမ်းအမှတ်ပွဲများကို ရန်ကုန်နှင့် နေပြည်တော်တို့တွင် ပြုလုပ်မည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သိရသည်။

မွေးနေ့ပွဲကို ဇွန်လ ၁၉ ရက်၌ နေပြည်တော် လွှတ်တော် အစည်းအဝေးအပြီးတွင် အကျဉ်းချုံး ပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် ဇွန်လ ၂၁ ရက် နံနက် ၉  နာရီတွင် တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်မည်ဖြစ်ကာ  ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်များထံမှ သိရသည်။

NLD  ဗဟိုကော်မတီ အဖွဲ့ဝင် ဦးဉာဏ်ဝင်းက “ရန်ကုန်ကို ဒေါ်စုကိုယ်တိုင်တက်မှာပါ။ မွေးနေ့က ဇွန် ၁၉ ရက်နေ့ ဖြစ်ပေမယ့် ရန်ကုန်ကို လာနိုင်မယ့် သူ့အားမယ့်ရက်ကို ရွေးလိုက်တာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို နိုင်ငံရေးပါတီများ၊ ဝါရင့်နိုင်ငံရေးသမားများနှင့် နိုင်ငံခြား သံတမန်များကိုလည်း ဖိတ်ကြားထားသည်ဟု ၎င်းက ဆိုသည်။

နေပြည်တော်တွင် ကျင်းပမည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို လွှတ်တော် အစည်းအဝေးပွဲ အပြီးတွင် ပြုလုပ်မည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ယင်းအပြင် ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် တောင်ဒဂုံမြို့နယ် အမှတ် ၁၉ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် NLD(BG) ပညာဒါနကျောင်းကလည်း ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များ၊ အမှိုက်ကောက်သည့် ကလေးငယ်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ကလေးငယ်များကို ဗလာမပါ ကံစမ်းမဲများ ဖောက်ပေးကာ စာအုပ်နှင့် ခဲတံများ ထောက်ပံ့ပေးခြင်းပြီး ပျော်ပွဲရွင်ပွဲများကို ကျင်းပပေးမည် ဖြစ်သည်။

NLD (BG) ပညာဒါနကျောင်း တည်ထောင်သူ ကိုညီညီက “ကလေးတွေ ၂၀၀ လောက်ကို ထောက်ပံပေးဖြစ်မယ်လို့ ရည်မှန်းထားတယ်။ မွေးနေ့ပွဲအတွက် အလှူငွေကောက်ခံတာ မရှိပါဘူး။ ကျောင်းက ရှိတဲ့ပိုက်ဆံကိုပဲ အသုံးပြုသွားမှာပါ” ဟု ပြောသည်။

ယင်းသို့ ထောက်ပံ့ပေးခြင်း အခမ်းအနားကို ဇွန်လ ၁၉ ရက် ညနေ ၅ နာရီမှ ၈ နာရီခန့်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး NLD(BG) ပညာဒါနကျောင်းသို့ မလာရောက်နိုင်သည့် ကလေးငယ်များ အတွက်လည်း ၎င်းတို့ရှိသည့်  နေရာများသို့ သွားရောက်၍ စာအုပ်၊ ခဲတံနှင့် ကလေးကစားစရာ ပစ္စည်းများကို  ဝေငှပေးသွားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည်  ၁၉၄၅ ခုနှစ်အဂါၤနေ့  ဇွန် ၁၉ ရက်တွင် မွေးဖွားသူဖြစ်ပြီး ယခုနှစ်တွင် အသက် ၇၀ ပြည့်ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly