အာဆီယံအဖွဲ့ဝင်များ၏ CLMV နှင့် ACMECS အစည်းအဝေးများ နေပြည်တော်၌ မကြာမီကျင်းပမည်

အာဆီယံအဖွဲ့ဝင်များ၏ CLMV နှင့် ACMECS အစည်းအဝေးများ နေပြည်တော်၌ မကြာမီကျင်းပမည်

ဇွန် ၁၇ ။         ။ မြန်မာနိုင်ငံတွင် ဇွန်လ ၂၂-၂၃ ရက် နှစ်ရက်ကြာမည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ CLMV နှင့် ACMECS အစည်းအဝေးများအတွက် ကျင်းပရေး ဗဟိုဦးစီးကော်မတီ ဒုတိယအကြိမ်နှင့် အပြီးသတ် အစည်းအဝေးကို ဇွန် ၂၆ က နေပြည်တော်၌ ပြုလုပ်ခဲ့သည်။

၇ ကြိမ်မြောက်ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်CLMV ထိပ်သီးအစည်းအဝေးနှင့် ၆ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ACMECS ထိပ်သီးအစည်းအဝေး များကို နေပြည်တော် MICC-1 တွင် ကျင်းပကြမည်ဖြစ်သည်။

ဇွန် ၁၆ အစည်းအဝေးသို့တက်ရောက်အမှာစကားပြောသည့် ကျင်းပရေးဗဟိုဦးစီးကော်မတီ ဥက္ကဌ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ထိပ်သီး အစည်းအဝေးများ ၏CLMV Joint Statement၊ Nay Pyi Taw Declaration နှင့် Action Plan ၂၀၁၆-၂၀၁၈ များ ထုတ်ပြန်နိုင်ရေးပြင်ဆင်ရန်၊ ဝတ်စုံပြည့် ကြိုတင်လေ့ကျင့်မှု များဆောင် ရွက်ရန်၊ အထူးဧည့်သည်တော်များ အပါအဝင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန်ရှိသည့် စီးပွားရေး လုပ်ငန်းရှင်များအား အကြောင်းကြားထားရန် လမ်းညွှန်ခဲ့သည်။

ထိပ်သီးအစည်းအဝေးသို့လာတက်မည့် ထိုင်းအစိုးရအဖွဲ့ဘက်က Nay Pyi Taw Declaration မူကြမ်းအား လက်ခံအတည်ပြုထားကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြသည်။ ယင်းမူကြမ်း၌ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြုပ်နှံရေး၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ နိုင်ငံခြား ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအားဖွံ့ဖြိုးရေး၊ လူထုကျန်းမာစောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ကြရန် ရေးဆွဲဖော်ပြထားကြောင်း သိရသည်။

ထို့အတူ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်းကလည်း ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊ နိုင်ငံခြား ခရီးသွားလာရေး ဝန်ကြီး၊ သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးအပါအဝင် ကမ္ဘောဒီးယားအစိုးရအဖွဲ့ဝင်တချို့အား ဦးဆောင်၍ ဇွန်လ ၂၂-၂၃ ရက် နှစ်ရက်ကြာမည့် အစည်းအဝေးများ သို့ တက်ရောက်မည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၆ ၌ ထုတ်ပြန်ထားသည်။

အစည်းအဝေးများပြီးပါက ၇ ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် CLMV ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်၊ ၆ ကြိမ်မြောက် ဧရာဝတီ -ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ACMECS ထိပ်သီးအစည်းအဝေးမှ Nay Pyi Taw Declaration၊ ဧရာဝတီ-ကျောက်ဖရား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ အစီအစဉ် Action Plan ၂၀၁၆-၂၀၁၈ တို့ကို ထုတ်ပြန်ကြမည်ဟုလည်း ကမ္ဘောဒီးယားအစိုးရက ဖော်ပြထားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ CLMV နှင့် ACMECS အစည်းအဝေးများအတွက် ကျင်းပရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို ဇွန် ၁၁ က နေပြည်တော်၌ ပြုလုပ် ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags