ဒေါက်တာအေးမောင်ကို ပါတီဝင်တစ်ချို့ဆန္ဒပြ

ဒေါက်တာအေးမောင်ကို ပါတီဝင်တစ်ချို့ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၁၇ ။       ။ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို မာန်အောင်မြို့နယ်မှ ပါတီဝင်အချို့က ဇွန် ၁၇ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လာမည့် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မာန်အောင်မြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ဝင်ပြိုင်ရန် စီစဉ်ထားသည့် ဒေါက်တာအေးမောင်ကို ပါတီ၏ မူဝါဒ ဖောက်ဖျက်သည်ဟု ဆိုကာ ပါတီဝင် တစ်ရာကျော်က ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
 
"ပါတီစည်းမျဉ်းမှာ ပါတာကဒေသခံတွေသာ သက်ဆိုင်ရာဒေသမှာ အရွေးခံရမယ်လို့ ပါတယ်၊ ဒီစည်းမျည်းကိုဖောက်ဖျက်တာဖြစ်တဲ့ အတွက်ဒေါက်တာအေးမောင် ပဲဖြစ်ဖြစ် ဦးအေးသာအောင်ပဲဖြစ်ဖြစ် ကျွန်တော်တို့က ကန့်ကွက်ရမှာပဲ"ဟု ဆန္ဒထုတ်ဖော်မှု ဦးဆောင်ခဲ့သူ ဦးတင်ရွှေက မဇ္ဈိမကိုပြောသည်။
 
မာန်အောင်မြို့နယ် ကိုယ်စားလှယ်လောင်းများအတွက် ပါတီတွင်း ရွေးကောက်မှုကို ဇွန်လ ၉ ရက်က ပြုလုပ်ခဲ့ပြီး မာန်အောင် အမှတ် ၂ မဲဆန္ဒနယ်အတွက် ဒေါက် တာအေးမောင် နှင့် ဦးတင်ရွှေတို့ ဝင်ရောက် ရွေးချယ်ခံရာ ဒေါက်တာအေးမောင်က အနိုင်ရခဲ့၍ ကန့်ကွက်ကြခြင်းဖြစ်သည်။

ပါတီအတွင်းတွင် ထိုသို့ ဆန္ဒထုတ်ဖော်မှုများနှင့် ပတ်သက်ပြီးပါတီ၏ ဗဟိုကော်မတီ အဖွဲ့ဝင်ဦးအေးသာအောင်က" တချို့မူဝါဒ ပိုင်းဆိုင်ရာ အားနည်းချက်လေးတွေ ရှိတော့ မြို့နယ်အချို့မှာ ကန့်ကွက်မှုတွေ ရှိပါတယ်၊ ဒါက ပါတီကို ပြည်သူတွေ အထင်လွဲစရာမဖြစ်နိုင်ပါဘူး"ဟု ဆိုသည်။
 
ဆန္ဒထုတ်ဖော်မှု ဦးဆောင်ခဲ့သူ ဦးတင်ရွှေက "ပါတီအတွင်းစည်းလုံးမှု ပြိုကွဲသလိုတော့ဖြစ်တာပေါ့ဗျ၊ ဒါပေမယ့် ဒီမိုကရေစီ နည်းလမ်းအရ မကျေနပ်တာကိုတော့ ကျွန်တော်တို့က ထုတ်ဖော်ရမှာပဲ"ဟု ဆိုသည်။
 
ပါတီတွင်းလွှတ်တော်ကိုယ်စားလှယ်များ ရွေးခြယ်ရာတွင်အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်တွင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို မြို့နယ်ကော်မတီနှင့် ဗဟိုကော်မတီက ရွေးခြယ်ခြင်းဖြစ်ပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မည့်သူများကိုမြို့နယ်နှင့် ကျေးရွာကော်မတီများ ကရွေးခြယ်ခြင်းဖြစ်သည်။

ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ် အနက် ဘူးသီးတောင်၊ မောင်တောမြို့ နယ်များကို ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိဘဲ ကျန်မြို့နယ် အားလုံး တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်တွင် ပြည်သူ့လွှတ်တော် အတွက် ၁၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာနှင့် ပြည်နယ် လွှတ်တော် ၃၄ နေရာတို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ရခိုင်အမျိုးသားပါတီသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေး ပါတီတို့ကို ပူးပေါင်းလိုက်သော ပါတီ တစ်ခုဖြစ်သည်။

ပါတီနှစ်ဦး၏ ခေါင်းဆောင်များအနေဖြင့် ရခိုင်ပြည်နယ် တွင် ပြန်လည်၍ ရွေးကောက်ခံ ရန် ပြင်ဆင်လျှက်ရှိပြီး ဒေါက်တာ အေးမောင်က မာန်အောင်မြို့နယ်မှ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ ဦးအေးသာအောင်က မြေပုံနှင့် မင်းပြားမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ရွေးချယ်ခံမည်ဖြစ်သည်။

ဒေါက်တာအေးမောင်သည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဇာတိဖြစ်ပြီး လက်ရှိတွင် စစ်တွေမြို့နှင့် ရန်ကုန်မြို့တို့တွင် နေထိုင်ကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly