ရခိုင်မှ ရဲဝန်ထမ်းများကို လူ့အခွင့်ရေးနှင့် လူစုလူဝေးဖြေရှင်းနည်း EU သင်တန်းပေး

ရခိုင်မှ ရဲဝန်ထမ်းများကို လူ့အခွင့်ရေးနှင့် လူစုလူဝေးဖြေရှင်းနည်း EU သင်တန်းပေး
လက်ပံတန်းသပိတ်ကို ထောက်ခံဆန္ဒပြသည့် လှည်းတန်းဆန္ဒပြပွဲကို ပိတ်ဆို့တားဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-ဟောင်ဆာ(ရာမည))

ရခိုင်ပြည်နယ်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များကို ဥရောပသမဂ္ဂ (EU) က လူ့အခွင့်အရေးစံနှုန်းများနှင့် လူစုလူဝေးကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနည်း သင်တန်းများ ပို့ချလျက်ရှိသည်ဟု ရခိုင်ပြည်နယ် ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းကပြောသည်။

သင်တန်း ပို့ချရာတွင် ရခိုင်တစ်ပြည်နယ်လုံးရှိ ရဲဝန်ထမ်းများအနက် အရာရှိ နှင့်  ရဲဝန်ထမ်း ၂၄၀ဦးကို စစ်တွေမြို့ တွင် ဆယ်ရက်ကြာ သင်တန်း ပို့ချမည်ဖြစ်သည်။

"လူ့အခွင့်ရေး စံနှုန်းတွေလည်းပါတယ်၊ ပြီးတော့ လူစုလူဝေးကို ဘယ်လိုဖြေရှင်းရမယ် ကိုင်တွယ်ရမယ် ဆိုတာတွေသင်ကြတာပါ "ဟု ဦးလှသိန်းက ဆိုသည်။

သင်တန်းတွင် လူအုပ်စု သက်ဝင်လှုပ်ရှားမှုနှင့် သဘောတရားများ၊လူ့အခွင့်ရေးစံနှုန်းများ၊ဥပဒေ ဆိုင်ရာ
အချက်အလက်များ၊ လူစုလူဝေးကိုင်တွယ်ဖြေရှင်းနည်းများ၊ ကြီးကြပ်မှုနှင့်ကွပ်ကဲမှုဆိုင်ရာ သဘောတရားများကို စာတွေ့လက်တွေ့ သင်ကြားခြင်းများ ပါဝင်သည်ဟုလည်း ၎င်းက ဆိုသည်။

"ဒီဘက်မှာက လူစုလူတွေတွေ ဖြစ်တတ်တယ်၊ ပြီးတော့ တစ်ဖက်နဲ့ တစ်ဖက် ဖြစ်တဲ့ ပဋိပက္ခတွေလည်း အရင်ကဖြစ်ခဲ့တယ်လေ၊ သူတို့သင်တာနဲ့ လက်တွေ့နဲ့တော့ တိုက်ဆိုင်တာလည်းရှိတယ်၊ မတိုင်ဆိုင်တာလည်း ရှိတယ်"ဟု မောင်တောမြို့ ရဲစခန်းမှ ရဲအုပ်ကံလှကပြောသည်။

ရခိုင်ပြည်နယ် လုံခြုံရေးဝန်ထမ်းများကို ရွေးကောက်ပွဲ ဆိုင်ရာ သင်တန်းများပို့ချခြင်းတို့ကို မေလအတွင်းက ပြုလုပ်ခဲ့သေးသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဥရောပသမဂ္ဂ (အီးယူ) က လူစုလူဝေးကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနည်းသင်တန်းများ၊ ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းများ ပု့ိချခဲ့ပြီး ကျောင်သားသပိတ် ဖြိုခွင်းရာတွင် အကြမ်းဖက် နှိမ်နှင်းမှုကြောင့် ဝေဖန်ခံခဲ့ရသေးသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာမှ စတင်ခဲ့သည့် ဥရောပသမဂ္ဂ (အီးယူ)၏ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လေ့ကျင့် သင်ကြာမှုများ စတင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစီမံကိန်းအတွက် ယူရို ၁၀ သန်း (ကျပ် ၁၃.၂ ဘီလီယံခန့်) ကို အသုံးပြု မည်ဟု အီးယူက ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly