လှေစီးဒုက္ခသည် အချို့ ဘင်္ဂလားဒေ့ရှ်က ဒုတိယ အကြိမ် ထပ်လက်ခံမည်

လှေစီးဒုက္ခသည် အချို့ ဘင်္ဂလားဒေ့ရှ်က ဒုတိယ အကြိမ် ထပ်လက်ခံမည်
ဖျာပုံတွင် ဖမ်းမိခဲ့သည့် လှေစီးဒုက္ခသည်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-MOI)
 

ရန်ကုန် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်တွင် ဖမ်းဆီးမိခဲ့သော လှေစီးဒုက္ခသည်များအနက် ဒုတိယ အသုတ်ကို ထပ်မံလက်ခံရန် ဘင်္ဂလားဒေ့ရှ်က တရားဝင်အကြောင်းပြန်လိုက်ပြီဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက မဇ္ဈိမကိုပြောသည်။

မေ ၂၁ ရက်က ရခိုင်ပြည်နယ်တွင် ဖမ်းဆီးမိခဲ့သောလှေစီးဒုက္ခသည် ၂၀၈ ဦးအနက် တစ်ရာ့ငါးဆယ်ဦးကို ပထမအသုတ် လွှဲပြောင်းပြီးဖြစ်ကာ  ဒုတိယ အသုတ်အနေဖြင့် ၃၇ ဦးကို ထပ်မံလက်ခံရန် အကြောင်းကြားထားပြီး ကျန်သူများကို လက်ခံခြင်းမရှိသေးဟု ဦးမောင်မောင်အုန်းကပြောသည်။

"တောင်ပြိုလက်ဝဲမှာကျန်ခဲ့တဲ့ လူ ငါးဆယ် ထဲက ၃၇ ယောက်ကို ဒုတိယ အသုတ်ထပ်လွဲဖို့ သူတို့ဘက်ကလည်း လက်ခံဖို့ အကြောင်းပြန်ထားပြီ၊ဒီရက်ပိုင်းအတွင်းပဲ လွှဲဖြစ်မယ်နေ့ အတိအကျတော့ ပြန်ညှိရမယ်"ဟု ဦးမောင်မောင်အုန်းကပြောသည်။

တောင်ပြိုလက်ဝဲမြို့နယ် ယာယီစီစစ်ရေးစခန်းတွင် လှေစီးဒုက္ခသည် အချို့ကို စိစစ်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အတည်ပြုချက်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည် ဟု ၎င်းကဆိုသည်။

ပင်လယ်ပြင်တွင် ရက်ပေါင်းလေးဆယ်ခန့်မျှောနေသော လှေစီးဒုက္ခသည်များသည် မောင်တောမြို့နှင့် ရေမိုင်လေးမိုင် အကွာတွင် မေ ၂၁ ရက်က ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ထိုဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်သည်ဟု ကုလသမဂ္ဂ က အတည်ပြုထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly