သရုပ်ဆောင် မင်းအုပ်စိုးကို လူသတ်မှုဖြင့် စွဲချက်တင်ရန် အမိန့်ချ

သရုပ်ဆောင် မင်းအုပ်စိုးကို လူသတ်မှုဖြင့် စွဲချက်တင်ရန် အမိန့်ချ

ရန်ကုန်၊ ဇွန် ၁၀ ။     ။ သရပါမဂ္ဂဇင်းအယ်ဒီတာ မတေးနုရင်ကို သတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးကို အနောက်ပိုင်းခရိုင်တရားရုံးက ပြစ်မှုပုဒ်မ ၃၀၂(၂) ဖြင့် ဇွန် ၁၀ ရက်၊ နံနက်ပိုင်းတွင် စွဲချက်တင်အမိန့်ချမှတ်လိုက် သည်။

အမှုကို စွဲချက်တင်နိုင်ရန် ဇွန် ၈ ရက်တွင် နှစ်ဘက်ရှေ့နေများ၏ လျှောက်လဲချက်ကို ကြားနာခဲ့ပြီး ဇွန် ၁၀ ရက်တွင် အမှုကို ကိုင်တွယ်စစ်ဆေးနေသည့် အနောက်ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး (၃) က လူသတ်မှုပုဒ်မ ၃၀၂(၂) ဖြင့်စွဲ ချက်တင်ရန် အမိန့်ချခဲ့ခြင်းဖြစ်သည်။

တရားသူကြီးက နှစ်ဘက်ရှေ့နေများ၏ လျှောက်လဲချက်အရ ပုဒ်မ ၃၀၂(၂) ဖြင့် စွဲချက်တင်မည်ဖြစ်ပြီး မင်းအုပ်စိုးကို အပြစ်ရှိလားဟု မေးမြန်းခဲ့ရာတွင် ၎င်းက အပြစ်မရှိဟု ထွက်ဆိုခဲ့ သည်။

အမှုကို စွဲချက်တင်ပြီးနောက် လာမည့်ရုံးချိန်းတွင် ပြန်ခေါ်သက်သေ စစ်ဆေးသွားမည်ဖြစ်ပြီး သရပါမဂ္ဂဇင်းတိုက်မှ ဝန်ထမ်း များဖြစ်သည့် မဇင်သူသူကို၊ ဟေမာသက်နှင့် ထက်ထက်လှိုင် တို့ကို ပြန်ခေါ်သက်သေများအဖြစ် စစ်ဆေးရန် ဆင့်ခေါ် သွား မည်ဖြစ်သည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၂ နာရီခွဲဝန်းကျင်က ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက်၊ ဖိုးစိန်လမ်းတွင်ရှိသည့် သရုပ်ဆောင် မင်းအုပ်စိုး၏ နေအိမ်တွင် သရပါမဂ္ဂဇင်း အယ်ဒီတာ မနုနုရင်(ခ) တေးနုရင်ကို လူမှုရေးကိစ္စ မေးမြန်းရာ မှ မေးမ ရသဖြင့် မင်းအုပ်စိုးထိုးကြိတ် ရိုက်နှက်ခဲ့သဖြင့် မနုနုရင်သေဆုံးခဲ့၍ ဗဟန်းမြို့မရဲစခန်း ရဲအရာခံလင်းထွဋ်က တရားလိုပြု တိုင်တန်း ခဲ့ခြင်းဖြစ်သည်။

မနုနုရင်(ခ)တေးနုရင်သည် သရပါမဂ္ဂဇင်းတွင်တာဝန်ထမ်းဆောင်နေ သည်မှာ ၇ နှစ်ခန့်ရှိနေ ပြီဖြစ်ပြီး ၎င်းအလုပ်လုပ်သည့် သရပါမဂ္ဂ ဇင်းတိုက်သည် မင်းအုပ်စိုး၏ နေအိမ်ခြံဝင်း အတွင်း ရှိကာ မဂ္ဂဇင်းဖောင်ပိတ်သည့်ရက်များတွင် တိုက်၌ပင် ညအိပ်လေ့ရှိသူတစ်ဦးဖြစ်သည်။

အဆိုပါအမှုကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး (၃)က ပြစ်မှုကြီး အမှတ် ၇/၁၅ ဖြင့်လက်ခံစစ်ဆေးနေပြီး လာမည့် ဇွန် ၁၇ ရက်တွင် ပြန်ခေါ်သက်သေ တစ်ဦးကို စစ်ဆေးသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly