အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရတွေ့ဆုံရေး အင်န်စီစီတီနှင့် အမ်ပီစီ ကနဦး ဆွေးနွေးမည်

အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရတွေ့ဆုံရေး အင်န်စီစီတီနှင့် အမ်ပီစီ ကနဦး ဆွေးနွေးမည်

ချင်းမိုင်၊ ဇွန် ၁၀ ။        ။ လော်ခီးလာ ညီလာခံ အတွင်း ဖွဲ့စည်းလိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ နှင့် အစိုးရတို့ တွေ့ ဆုံနိုင်ရေး အတွက် NCCT နှင့် MPC တို့ ဇွန် ၁၁ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကနဦး တွေ့ဆုံဆွေးနွေး ကြမည်ဖြစ် သည်။

ချင်းမိုင်မြို့ရှိ Woodfield Resort တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့ (NCCT) နှင့် အစိုးရဘက်မှ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC)မှ ဦးလှမောင်ရွှေ ဦးဆောင် သော ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

“ကျွန်တော်တို့ အင်န်စီစီတီကတစ်ယောက်နှစ်ယောက်ပါပဲ။ လောလောဆယ်က အဆင့်မြင့် ကိုယ်စားလှယ်တွေနဲ့တွေ့ဖို့ မရှိသေးဘူး။ အင်န်စီစီတီကနေ အခြေအနေကို မိတ်ဆက်ပြီးတော့ မှ နောက်တွေ့နိုင်ဖို့အတွက် ရက်ချိန်း၊ နေရာတွေ သတ်မှတ်ဖို့ အစီအစဉ်တွေ ညှိမယ်။ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အစည်းအဝေးနဲ့ ပတ်သက်လို့ လေ့လာတဲ့ သဘောဖြစ်မယ်”ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

ထို့ပြင် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ၏ လော်ခီးလာ ညီလာခံတွင် ဆွေးနွေးခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း ပြင်ဆင်ဖြည့် စွက်ချက်များ ကိုလည်းထည့် သွင်းဆွေးနွေး သွားမည်ဟု ၎င်းက ပြောသည်။

MPC မှ ဦးလှမောင်ရွှေ၊ ဒေါက်တင်မောင်သန်း၊ ဒေါက်တာမင်းဇော်ဦး အပါအဝင် ကိုယ်စားလှယ် လေးဦးနှင့် NCCT တို့ တွေ့ဆုံ၍ တိုင်းရင်းသား ခေါင်းဆောင်များ၏ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ ပြန်လည် တင်ပြသွားမည်ဟု MPC မှ ဦးလှမောင်ရွှေက ပြောသည်။

“သူတို့ဖွဲ့ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့လာတာက သူတို့ဘက်က ပြောတာတွေ ယူသွားပြီးတော့ ဦးအောင်မင်းတို့ကို အစီရင်ခံဖို့ အဓိကပါပဲ။ ကျန်တာတွေက နောက်ပိုင်းမှာ ခေါင်းဆောင်တွေနဲ့ ဆိုင်တယ်ပေါ့နော်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်မှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly