တာမွေမြို့နယ်တွင် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦး အသတ်ခံရ

တာမွေမြို့နယ်တွင် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦး အသတ်ခံရ

ရန်ကုန်၊ ဇွန် ၉ ။      ။ တာမွေမြို့နယ်တွင် အသတ်ခံထားရသည့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီး နှစ်ဦး၏ အလောင်း ကို ဇွန် ၉ ရက်၊ မွန်းလွဲပိုင်းက တွေ့ရှိခဲ့ရပြီး အမှုဖွင့်စစ်ဆေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည် ဟု တာမွေမြို့မ ရဲစခန်းက ရဲအရာရှိ တစ်ဦးက ပြောသည်။

ဇွန် ၉ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်တွင် တာမွေမြို့နယ်၊ ပုသိမ်ညွှန့်ရပ်ကွက်၊ မလွှကုန်းလမ်းရှိ အမျိုးသမီးကြီး နှစ်ဦးနေထိုင် သည့် နေအိမ်တွင် အနံ့ရနေသည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးရာ အိမ်ခန်းထဲတွင် အဆိုပါ အမျိုးသမီးနှစ်ဦးမှာ ဒဏ်ရာဒဏ်ချက် များဖြင့် ပုပ်ပွသေဆုံးနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။

သေဆုံးသူများမှာ အသက် ၆၂ နှစ်ခန့်ရှိ ဒေါ်လက်လီးနှင့် အသက် ၇၀ ခန့်ရှိ ဒေါ်ဝတ်တလား တို့ တူဝရီး နှစ်ဦးဖြစ်ပြီး အဆိုပါ နေအိမ်တွင် နေထိုင်လာသည်မှာ ၂၅ နှစ်ခန့်ရှိပြီ ဖြစ်ကာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ၎င်းတို့ နှစ်ဦး ကို တွေ့ခဲ့ ရပြီး နောက်ပိုင်းတွင် မတွေ့ရတော့ဘဲ အိမ်တံခါးပိတ်ထား ခြင်းဖြစ်သည်ဟု အဆိုပါလမ်းတွင် နေထိုင်ကြသူများက ဆိုသည်။

“သူတို့ တူဝရီး နှစ်ယောက်က လူချစ်လူခင် ပေါပါတယ်။ သူတို့ အလုပ်က ပန်းလေးတွေ သီပြီး ၁၂၃ လမ်းမှာ ရှိတဲ့ ဘုရားကျောင်း ကိုသွားပြီး ပို့ပေးပါတယ်။ အဒေါ်ဖြစ်သူကတော့ အိမ်ထောင်ကျပြီး သူ့အမျိုးသား က ဆုံးသွားတာ ကြာပါပြီ။ တူမကတော့အပျိုကြီး ပါ၊ ဒီအိမ်မှာ နှစ်ယောက်တည်း နေတာပါ” ဟု ပြောသည်။

အခင်းဖြစ်ပွားရာ နေအိမ်အတွင်း သွေးခြေရာကွက်များနှင့် လက်ရာများကို တွေ့ရှိခဲ့ရပြီး လက်ဗွေများ ကို ရယူစစ်ဆေးနေသည်ဟု ယင်းနေအိမ်သို့ လာရောက်စစ်ဆေးနေသည့် မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ အမှုဖြစ်စဉ်ကို တာမွေမြို့မ ရဲစခန်းက (ပ) ၈၀၉/၁၅၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေး အတွက် စစ်ဆေးဆောင်ရွက်နေသည်ဟု အဆိုပါရဲခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly