တရုတ်နှင့် မြန်မာသည် အဓိက မဟာဗျူဟာမြောက် မိတ်ဖက်များအဖြစ် ရှိနေဆဲဟု နှစ်ဘက် ပြောဆို

တရုတ်နှင့် မြန်မာသည် အဓိက မဟာဗျူဟာမြောက် မိတ်ဖက်များအဖြစ် ရှိနေဆဲဟု နှစ်ဘက် ပြောဆို

ရန်ကုန်၊ ဇွန် ၉ ။        ။ တရုတ်သည် မြန်မာ၏ အဓိက မဟာဗျူဟာ မိတ်ဖက်အဖြစ် ဆက်လက်ရှိနေဦးမည်ဟု မြန်မာ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဇွန် ၈ ရက်၌ ပြောကြားလိုက်သည်။

မြန်မာစစ်တပ်၏ ဗုံးဆန်များ တရုတ်နိုင်ငံအတွင်း ကျရောက်ပြီး တရုတ်နိုင်ငံသားအချို့ သေဆုံးသဖြင့် တရုတ်အစိုးရက သတိပေးမှုများ ပြုလုပ်ပြီးနောက် နယ်စပ်၌ တရုတ်တပ်များ စစ်ရေးလေ့ကျင့်နေသည့်ကာလနှင့် တိုက်ဆိုင်ပြီး တရုတ်၊ မြန်မာ သံတမန်ဆက်ဆံမှု ၆၅ နှစ်မြောက် နှစ်ပတ်လည်တွင် ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့ခေတ် နိုင်ငံတကာ ဆက်ဆံရေးများတွင် ရှုပ်ထွေးနေသည့်တိုင် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်မှာ ဆီလျော်နေဆဲဖြစ်သည်ဟုလည်း ပြောကြောင်း ဆင်ဟွာသတင်း တစ်ပုဒ်က ဖော်ပြသည်။

မြန်မာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက် ရှိပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မကြာမီ အကောင်အထည်ပေါ်လာမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ထို့ပြင် ဒေါက်တာ စိုင်းမောက်ခမ်းက နှစ်နိုင်ငံခြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တဖြည်းဖြည်း သိသိသာသာ ကြီးထွား လာမှုကို ထောက်ပြလျက် တရုတ်သည် မြန်မာတွင် ထိပ်တန်းရင်းနှီး မြုပ်နှံသူဖြစ်ကြောင်း အလေးအနက် ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟို့လန်ကလည်း မြန်မာနှင့် တရုတ်တို့သည် နက်ရှိုင်းသည့် ပြုပြင်ပြောင်းလဲရေး တွင် အရေးကြီးသည့် အဆင့်သို့ ရောက်ရှိနေသည့်အပြင် နှစ်နိုင်ငံကြား ရင်းနှီးသည့် ဆက်ဆံရေးမှာလည်း အဆင့်သစ်၊ အခွင့် အလမ်းသစ်များနှင့် ကြုံတွေ့ နေရကြောင်း နှစ်ပတ်လည်အခမ်းအနား၌ ပြောကြားသည်။

ထို့အပြင် တရုတ်ပြည်သူများသည် တရုတ်အိပ်မက်ဖြစ်သည့် နိုင်ငံတော်သစ် ထူထောင်ရန် ကြိုးစားအားထုတ်နေ သကဲ့သို့ မြန်မာနိုင်ငံသည်လည်း ငြိမ်းချမ်းသော၊ ဒီမိုကရက်တစ်ကျသော၊ ကြွယ်ဝသော၊ ပွင့်လင်းသော ခေတ်မီ နိုင်ငံတော်တစ်ခု တည်ဆောက်ရေးအတွက် ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုကို မှန်မှန်ဆောင်ရွက်နေသည်ကို တွေ့ရသည်ဟု ပြောသည်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက် စိတ်ဓာတ်ကို ဆက်လက်ဆွဲကိုင်ပြီး နိုင်ငံရေးအရ အပြန်အလှန် ယုံကြည် မှု မြင့်တင်ရေး၊ နှစ်ဘက်အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး၊ အစဉ်အလာ မိတ်ဖက်ဖြစ်မှုကို ခိုင်မာကျစ်လျစ်စေရေး၊ အပြန်အလှန် သင်ယူရေးတို့ ပါဝင်သော နိုင်ငံတကာ ဆက်ဆံရေး ပုံစံသစ် တည်ဆောက်ရေးအတွက် ကြိုးပမ်းရန် တရုတ်- မြန်မာ အကြား ကျယ်ပြန့်သည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအဖြစ် နှစ်ဦးနှစ်ဘက် အကျိုးရှိစေရေး လက်တွဲဆောင်ရွက်ရန် တရုတ်က ဆန္ဒရှိကြောင်း ယန်က ပြောဆိုသည်။

မြန်မာသည် ၎င်း၏ အမျိုးသားရေး အခြေအနေအရ ရွေးချယ်ထားသည့် ဖွံ့ဖြိုးရေး လမ်းကြောင်းကို တရုတ်က အခိုင်အမာ ထောက်ခံကြောင်းလည်း ယန်က ပြောသည်။ ထို့အပြင် မြန်မာသည် ၎င်း၏ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူ့အဖွဲ့အစည်း သဟဇာတ ဖြစ်မှု တို့အတွက် ဆက်လက်ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။

နှစ်နိုင်ငံပြည်သူများ အကျိုးရှိစေရေး One Belt One Road နှင့် BCIM (ဘင်္ဂလားဒေ့ရ်ှ၊ တရုတ်၊ အိန္ဒိယနှင့် မြန်မာ) အစီအစဉ် တို့၏ မူဘောင်အောက်၌ မြန်မာနှင့် လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုကို မြင့်တင်ရန် တရုတ်က ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံရေး ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် မီဒီယာများနှင့်လည်း ပိုမိုထိတွေ့သွားပြီး အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုမြှင့် တင်ရန် ဆန္ဒရှိသည်ဟု ယန်က ပြောကြားသည်။

တရုတ်နှင့် မြန်မာတို့သည် သံတမန် ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ်ကတည်းက ထူထောင်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly