တပ်မတော်မှ အရာရှိများကို ဥပဒေအရ ခန့်အပ်ထားခြင်းဖြစ်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဆို

တပ်မတော်မှ အရာရှိများကို ဥပဒေအရ ခန့်အပ်ထားခြင်းဖြစ်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဆို
ရန်ကုန်တိုင်းလွှတ်တော်မှ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ခန်းမအတွင်း တွေ့ရစဉ်၊ ဓာတ်ပုံ-မင်းမင်း

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွင် တပ်မတော်မှ ပြောင်းရွှေ့လာသော ဝန်ထမ်းများကို ခန့်အပ်ရခြင်းမှာ ၂၀၀၈ ဖွ့ဲစည်းပုံ အခြေခံဥပဒေအရ ဖြစ်သည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

“ ဖွဲစည်းပုံ အခြေခံဥပဒေထဲမှာ ဝန်ကြီးဌာန အသီးသီးမှာရှိသော ပုဂ္ဂိုလ်များက ဌာနပြောင်းပြီး လာရောက်လျှောက်ထားနိုင်တယ်ဆိုပြီး ပြဋ္ဌာန်းထားတယ်။ ကျွန်တော်က ဝန်ကြီးဌာန အသီးသီးကို စာပို့တော့ အရင်ဆုံးလာတာက ကာကွယ်ရေးဝန်ကြီးဌာန ဖြစ်နေတဲ့အတွက် ကာကွယ်ရေး ဝန်ကြီးဌာနက လူတွေ ပါဝင်နေတာ ဖြစ်တယ်။ အခြားဌာနက လူတွေလည်းပါတယ်” ဟု ဦးတင်အေးက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွင် ဝန်ထမ်းပေါင်း ၁,၄၂၁ ဦးရှိပြီး ကာကွယ်ရေး ဝန်ကြီးဌာန မှ ၁၂၄ ဦး ပါဝင်သည်။ ကျန် ဝန်ကြီးဌာနများက ၁၇၁ ဦး ပါဝင်သည်။ ထို့ပြင် အရပ်သား ၁,၁၂၆ ဦး ပါဝင်သည်ဟု ကော်မရှင် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့ပြင် မဲရုံဝန်ထမ်းများကို ကျောင်းဆရာ၊ ဆရာမများကို ရွေးချယ်ရန် လျာထားခြင်းနှင့် ပတ်သက်၍ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က “ရပ်ကျေးကော်မတီတွေဆိုတာ လက်လုပ်လက်စား တွေ သူတို့ရဲ့ အချိန်တွေ ပေးပြီးတော့ လုပ်နေရတာ။ မဲရုံမှာ ကျောင်းဆရာ၊ ဆရာမတွေ ခန့်တယ်ဆို တာ စာရင်းသွင်းရတယ်။ ဘယ်သူက သူတို့လို စာရင်းသွင်းနေနိုင်မှာလဲ” ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags